ဝေါမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို တော်လှန်ရေးတပ်များ တိုက်ခိုက်ရာ လက်နက်တစ်လက် သိမ်းဆည်းရရှိ

ဝေါမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို တော်လှန်ရေးတပ်များ တိုက်ခိုက်ရာ လက်နက်တစ်လက် သိမ်းဆည်းရရှိ
စက်တင်ဘာ 26, 2023 | 2021 Military Coup| အခြားဒေသများ

ပဲခူးတိုင်း ဝေါမြို့နယ် လက်ပံရွာရှိ စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၂၆)ရက်နေ့ နံနက်(၉)နာရီဝန်းကျင်တွင် တော်လှန်ရေးတပ်ဖွဲ့များက ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ထံမှ လက်နက်တစ်လက်နှင့် ကျည်တချို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

လက်ပံရွာ ကုန်းပေါ်ကြီး ကူးတို့ဆိပ်ရှိ စစ်ကောင်စီတပ်ဖွဲ့နှင့် ပျူစောထီးများကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးသူရှိကာ G3 တစ်လက်၊ ကျည်ဘောက်(၄)ခု၊ (၇.၆)ကျည်နှင့် (၆၂)ကျည်တချို့အပြင် လက်ပစ်ဗုံးတစ်လုံးကို သိမ်းဆည်းရရှိခဲ့သည်ဟု ဝေါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

“စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေကို တိုက်ခိုက်ခဲ့တာ စစ်ကောင်စီတပ်သားတစ်ဦး သေတယ်။ ပျူစောထီးနှစ်ဦးဒဏ်ရာရတယ်။ အခုနေ့လယ်ပိုင်းမှာ လက်ပံရွာကို မြစ်ကျီးစံပြရွာဘက်ကနေ ဆိုင်ကယ်(၃)စီး၊ အိမ်စီးကား(၂)စီး၊ ဖောကားအကြီးတစ်စီးနဲ့ အင်အားဖြည့်ထားတယ်။”ဟု ဝေါမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။

ပစ်ခတ်မှုအပြီး ကျိုက်ထိုမြို့နယ်နှင့် သိမ်ဇရပ်ရှိ စစ်ကောင်စီအမြောက်တပ်ဖွဲ့က လက်နက်ကြီးများ (၈၁)မမ (၆)လုံးနှင့် ပစ်ကူခဲ့ရာ ဝေါမြို့နယ် ပေါက်တန်းရွာအနီးသို့တစ်လုံး၊ ကျွန်းရွှေဝါသောင်သို့ တစ်လုံးနှင့် ကျေးရွာအနီးရှိ စပါးခင်းများအပေါ် ကျရောက်ပေါက်ကွဲခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလ (၉)ရက်နေ့က လက်ပံရွာတွင်ရှိသည့် စစ်ကောင်စီတပ်နှင့် ပျူစောထီးများကို KNLA ပူးပေါင်း PDFတပ်များက ဒရုန်းအပြင် မြေပြင်မှ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ ထိခိုက်သေဆုံးသူရှိခဲ့သည်။

#TachileikNewsAgency