တိုက်ပွဲများကြောင့် ဆီဆိုင်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီး အပါအဝင် ကျေးရွာချင်းဆက်လမ်းများကို ယာယီပိတ်မည်

တိုက်ပွဲများကြောင့် ဆီဆိုင်မြို့နယ်အတွင်း ပြည်ထောင်စုလမ်းမကြီး အပါအဝင် ကျေးရွာချင်းဆက်လမ်းများကို ယာယီပိတ်မည်
ဖေဖော်ဝါရီ 10, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ် တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း တိုက်ပွဲများကြောင့် ဆိုက်ခေါင်မှ ဆီဆိုင်မြို့သို့ ဆက်သွယ်သည့် ပြည်ထောင်စုကားလမ်းမကြီးအား ယာယီပိတ်ထားမည်ဖြစ်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ( PNLA ) က ယနေ့ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ(၁၀)ရက်နေ့တွင် သတင်းထုတ် ပြန်သည်။

ဆိုက်ခေါင်အနီးတဝိုက်မှ ဆီဆိုင်မြို့တွင်းသို့သွားသည့် ပြည်ထောင်စုလမ်းမကြီး၏ အရှေ့ဘက်ခြမ်း နှင့် အနောက်ဘက်ခြမ်းများကို   ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းငယ်များ၊ နမ်းတဘက်ချောင်း အနောက်ဘက်ရှိ ကက္ကူမှ ဆီဆိုင်မြို့ အနောက်ဘက်ရှိ နမ်းတဘက်ချောင်း အနောက်ဘက်ဒေသများကို ဆက်သွယ်ထားသော တောလမ်းများကိုလည်း ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

ထို့ကြောင့် စစ်ရေးအခြေအနေအတွင်း မလိုလားအပ်သည့်  ထိခိုက်မှူများ မဖြစ်ပေါ်စေရေး ယင်းလမ်းကြောင်းများကို အသုံးပြုသွားလာခြင်းများ မပြုကြသေးရန် အထူးအသိပေးထားပြီး သွားလာ၍ သင့်သော်သော အခြေအနေသို့ ရောက်ရှိပါက ပြန်လည် ထုတ်ပြန် အသိပေးသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

၂၀၂၄ ခုနှစ် ဇန်ဝါရီလ (၂၂)ရက်နေ့မှ ယနေ့အထိ ဆီဆိုင်မြို့နှင့် အနီးတဝိုက်ရှိကျေးရွာများတွင် တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီနှင့် အပေါင်းအပါများသည် လက်နက်ကြီးများ လေယာဉ်များဖြင့် ပအိုဝ်းဒေသကို နေ့စဉ်ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူများ ထိ ခိုက်သေဆုံးခြင်းများရှိနေသည်။