ဘောလခဲမြို့နယ်အတွင်း  စစ်ကောင်စီတပ်၏ (၁၂)မိုင်စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား (၁၄)ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

ဘောလခဲမြို့နယ်အတွင်း  စစ်ကောင်စီတပ်၏ (၁၂)မိုင်စခန်းကုန်းကို တိုက်ခိုက် သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား (၁၄)ဦး သေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ
ဖေဖော်ဝါရီ 9, 2024 | 2021 Military Coup| ကယား

 ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်အတွင်း ရွာသစ်မြို့ရှိ နှစ်ပေါင်း(၃၀)ကြာ အထိုင်ချထားသော စစ်ကောင်စီတပ်၏ ခမရ(၁၁၂)အခြေချ (၁၂)မိုင်ကုန်း တပ်စခန်းကို ကရင်နီအမျိုးသား တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား (၁၂)ဦးသေပြီး တစ်ဦးဖမ်းမိကာ လက်နက်ခဲယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တပ်စခန်းတွင် စစ်ကောင်စီတပ်သား အင်အား(၃၀)ဝန်းကျင်ရှိပြီး ကရင်နီအမျိုးသားတော်လှန်ရေးတပ်များက ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့တွင် စခန်းအား တိုက်ခိုက်သိမ်းပိုက်ရာ (၁)နာရီခွဲဝန်းကျင်ကြာမြင့်ခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား (၁၂)ဦးသေပြီး တစ်ဦးဖမ်းမိကာ ကျန် စစ်ကောင်စီတပ်သားများထွက်ပြေး လွတ်မြောက်သွားခဲ့ပြီး တော်လှန်ရေးတပ်များဘက်က ရဲဘော်(၇)ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

စခန်းအတွင်းမှ စစ်ကောင်စီတပ်၏ MA 1 အမျိုးအစား သေနတ် (၈)လက်၊ MA2 အမျိုးအစား သေနတ်တစ်လက်၊ MA 3  အမျိုး အစားသေနတ်တစ်လက်၊ MA 11 အမျိုးအစား သေနတ်တစ်လက်၊ (၆၀)မမ စိန်ပြောင်း (၃)လက်၊ ငါးကြင်းမြီး စက်လတ်တစ်လက်၊ (၉)မမ ပစ္စတိုတစ်လက် စုစုပေါင်း (၁၆)လက်နှင့် ခဲယမ်းမျိုးစုံနှင့် စပ်ဆက်ပစ္စည်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

တိုက်ခိုက်မှုကို ကရင်ပြည်လူမျိုးပေါင်းစုံပြည်သူ့လွတ်မြောက်ရေးတပ်ဦး(ကလလတ)၊ ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (KPLA)၊ KA၊ KNDF၊ PDF၊  KNPLF Federal Wing ဒရုန်း တပ်ဖွဲ့၊ FFD ဒရုန်းတပ်ဖွဲ့၊ PDF ဒရုန်းတပ်ဖွဲ့၊ PDF တပ်ရင်းများက တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ တပ်စခန်းကို တော်လှန်ရေးတပ်များသည် ဇန်နဝါရီလ(၂၂)ရက်နေ့ကစတင်ကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က (၁၄)ဦးသေကာ အများအပြားဒဏ်ရာရရှိခဲ့သဖြင့် စစ်ကောင်စီတပ်သည် ဘောလခဲတပ်ရင်းမှ စစ်ကြောင်း(၂)ကြောင်းဖြင့် စစ်ကူလာခဲ့သည်ဟု သိရသည်။

စစ်ကူစစ်ကြောင်းတစ်ကြောင်းမှာ တော်လှန်ရေးတပ်များနှင့်တိုက်ပွဲဖြစ်ပြီး နောက်ပြန်ဆုတ်သွားရကာ ကျန်တစ်ကြောင်းမှာ တပ်စခန်းသို့ ရောက်ရှိခဲ့ပြီး တိုက်ပွဲအတွင်း တော်လှန်ရေးရဲဘော်(၂)ဦးကျဆုံးကာ  (၁၅)ဦးဒဏ်ရာရရှိခဲ့ သည်ဟု သိရသည်။

 

Photo: ကရင်နီပြည် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်