စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်သဖြင့် MNDAAက ငွေကျပ်သိန်း(၂၀)ချီးမြင့်ကာ တပ်စိတ်မှူးရာထူးပေး

စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့်တကွ အလင်းဝင်သဖြင့် MNDAAက ငွေကျပ်သိန်း(၂၀)ချီးမြင့်ကာ တပ်စိတ်မှူးရာထူးပေး

အာဏာသိမ်းစစ်ကောင်စီတပ်၏ တပ်သားတစ်ဦး လက်နက်နှင့်အတူ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်ကိုးကန့် (MNDAA)ထံ အလင်းဝင်လာခဲ့သဖြင့် ငွေကျပ်သိန်း(၂၀)ချီးမြင့်ကာ တပ်စိတ်မှူးရာထူးပေးထားကြောင်း The Kokangက ယနေ့ဇွန်လ (၂၆)ရက်နေ့တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ် တပ်မ(၉၉)လက်အောက်ခံ တပ်ရင်း(၄၁၉)မှ တပ်သား သန်းထိုက်အောင်သည် လက်နက်နှင့်အတူ ၂၀၂၃ခုနှစ် ဇွန်လ(၂၀)ရက်နေ့က အလင်းဝင်လာရာ ၎င်းကို ဇွန်လ(၂၅)ရက်နေ့တွင် မုံးကိုးခရိုင် အုပ်ချုပ်ရေးအဖွဲ့မှ ဂုဏ်ပြုအခမ်းအနားကျင်းပ၍ ကြိုဆိုပေးခဲ့သည်ဟု ဆိုသည်။

၎င်းသည် ရိုင်ဖယ်သေနတ်တစ်လက်၊ လက်ပစ်ဗုံးတစ်လုံး၊ ကျည်ဘောက်တစ်ခု၊ ကျည်ဆံ(၁၈၆)တောင့်တို့ဖြင့် MNDAA တပ်ထံ အလင်းဝင်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇွန်လ (၁၅)ရက်နေ့ကလည်း စစ်ကောင်စီတပ်၏ တပ်ရင်း(၁၂၈)မှ တပ်သားတစ်ဦးသည် MNDAAတပ်ထံ လက်နက်ချ အလင်းဝင်လာခဲ့သေးသည်။

MNDAA တပ်ထဲတွင် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့မှ ထွက်ပြေးလာလူ (၁၀)ဦးအထက်ကို လက်ခံထားပြီး ပြည်သူလူထုများ စစ်ဘေးဒဏ်များ ဆက်လက်မခံစားရန်အတွက် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ထံ ဆက်လက် တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်သို့ ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

#TachileikNewsAgency

Photo : The Kokang