ရှမ်းပြည်တောင်ပိုင်း PDF ၏ နာယဟောင်းက စစ်ကြောရေးမှရရှိသည့်ဒဏ်ရာဖြင့် သေဆုံး

ရှမ်းပြည်တောင်ပိုင်း PDF ၏ နာယဟောင်းက စစ်ကြောရေးမှရရှိသည့်ဒဏ်ရာဖြင့် သေဆုံး
By Tachileik News Agency

ရှမ်းပြည်နယ် (တောင်ပိုင်း) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့- SSPDF ၏ နယကဟောင်းဖြစ်သူ ဦးအောင်ဇော်ဦး (ခ) စိုင်းအုပ်စိုးအံ့ (ခ)မိုဟာမက်ဖွာရူးက်သည် အာဏာသိမ်းစစ်ကောင်စီ၏ စစ်ကြောရေး၌ ရရှိထားသည့် ဒဏ်ရာများဖြင့် ယနေ့ သေဆုံးသွားသည်။ 

တောင်လေးလုံးအကျဉ်းထောင်၌ အကျဉ်းကျခံနေရသည့် ဦးအောင်ဇော်ဦးသည် စစ်ကောင်စီ၏ စစ်ကြောရေးတွင် အပြင်းအထန် နှိပ်စက်ခံရပြီး နံရိုး ၃ ချောင်းကျိုးဒဏ်ရာဖြင့် လွန်ခဲ့သည့်တစ်ပတ်က တောင်ကြီးမြို့ရှိ စပ်စံထွန်းပြည်သူ့ဆေးရုံကြီး၌ ကုသမှုခံယူရင်း ၂၀၂၂ ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့ နံနက် ၆ နာရီခွဲတွင် သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဦးအောင်ဇော်ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်က ၎င်းနေထိုင်ရာ အေးသာယာမြို့ စက်မှုဇုန် ၁၂ ရပ်ကွက်နေအိမ်၌ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၅ ရက်နေ့တွင် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရခြင်းဖြစ်သည်။

ဦးအောင်ဇော်ဦးသည် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးတွင်လည်း ပါဝင်ခဲ့သူတစ်ဦးဖြစ်ပြီး ယင်းအတွက် အင်းစိန်ထောင်တွင် ထောင်ဒဏ် ၆ နှစ်ကျခံခဲ့ရသေးသည်။

၎င်းကို ယနေ့ နေ့လယ် ၁၂ နာရီတွင် စွန်နီ မွတ်စလင် သုသာန်၌ မြုပ်နှံသဂြိုဟ်ခဲ့ကြောင်း သိရသည်။