တာချီလိတ်မြို့သို့ အာဏာသိမ်း စစ်ခေါင်းဆောင် လာသွား

တာချီလိတ်မြို့သို့ အာဏာသိမ်း စစ်ခေါင်းဆောင် လာသွား
ဖေဖော်ဝါရီ 9, 2024 | ရှမ်းရှေ့

အာဏာသိမ်းစစ်ခေါင်းဆောင်နှင့်အဖွဲ့က   နဂါးနှစ်ကောင်ဆရာတော် ပျံလွန်တော်မူသွား၍ ဖေဖော်ဝါရီလ(၈)ရက်နေ့က ရောက်ရှိလာသွားကြောင်း သိရသည်။

သက်တော်(၉၇)နှစ် ဝါတော်(၇၇)ဝါရှိပြီဖြစ်သည့် နဂါးနှစ်ကောင်ဆရာတော်သည် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၈)ရက်နေ့အကူးပိုင်း အချိန်က  ပျံလွန်တော်မူသွားရာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အဖွဲ့က ဖေဖော်ဝါရီလ(၈)ရက်နေ့၏ မွန်းလွဲပိုင်းအချိန်က ရုတ်တရက်ရောက်ရှိလာပြီး အန္တိမအဂ္ဂိဈာပနပူဇာ အခမ်းအနားအတွက် ဆွေးနွေးပြီးနောက် ပြန်သွားကြောင်း သိရသည်။

"သူတို့တွေ ရောက်လာမယ်လို့ ဘယ်သူမှ မသိထားဘူး။ လာမယ်ဆိုတာကိုလည်း ထုံးစံအတိုင်း ကြိုတင်အသိပေးရဲမှာ မဟုတ်ဘူးလေ။ နေ့လည်ပိုင်းမှာ ရောက်လာပြီးတော့ အန္တိမအဂ္ဂိဈာပန ကာလအတွင်း စီစဉ်စရာရှိတာတွေ စီစဉ်နိုင်ဖို့ ပြောဆို ဆွေးနွေးပြီး ပြန်သွားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agency သို့ ပြောသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်မြို့၊ ဆန်ဆိုင်း(က)ရပ်ကွက်အတွင်း နဂါးနှစ်ကောင် ပရိယတ္တိစာသင်တိုက်မှ ဦးစီး ပဓါန နာယက ဆရာတော်၊ နိုင်ငံတော် သြဝါဒစရိယ၊  အဘိဓဇမဟာရဌဂုရု၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာမင်္ဂလဓမ္မဇောတိကဓဇ ဂုဏ်ထူးဆောင် ပါရဂူဘွဲ့ရ နဂါးနှစ်ကောင်ဆရာတော် ဘဒ္ဒန္တဓမ္မသီရိ၏ ရုပ်ကလာပ်တော်အား ရက်ပေါင်း (၅၀)ကျော်  ပူဇော်ခံထားမည်ဖြစ်ပြီး ၂၀၂၄ခုနှစ် ဧပြီလ(၆)ရက်နေ့ စနေနေ့တွင် အန္တိမဈာပန အခမ်းအနား ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။