ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း လိုင်စင်မဲ့ကား ထိန်းချုပ်ရေးအတွက် ဌာနဆိုင်ရာများ အပါအဝင် ကားမောင်းသူများကို  တြိဂံစစ်တိုင်းမှူးက ဌာနဆိုင်ရာများကနေ တဆင့်  ညွှန်ကြား

ရှမ်းပြည်နယ်အရှေ့ပိုင်းအတွင်း လိုင်စင်မဲ့ကား ထိန်းချုပ်ရေးအတွက် ဌာနဆိုင်ရာများ အပါအဝင် ကားမောင်းသူများကို  တြိဂံစစ်တိုင်းမှူးက ဌာနဆိုင်ရာများကနေ တဆင့်  ညွှန်ကြား
ဇွန် 2, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသအတွင်း လိုင်စင်မဲ့ကားထိန်းချုပ်ရေးအတွက် ဌာနဆိုင်ရာများ လိုင်စင်ရှိကားများကိုသာ စီးရမည်ဖြစ်ပြီး ဖောင်းကြွနံပါတ်ပြားများ တပ်ဆင်ရေးနှင့် စည်းကမ်းမဲ့ ဆိုင်ကယ်မောင်းနှင်မှုများ အရေးယူရေးများ လုပ်ဆောင်ရန် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးက ညွှန်ကြားထားကြောင်း သိရသည်။

လိုင်စင်မဲ့ကားများ အသုံးပြုမှု လျော့ပါးရေးအတွက်ဟုဆိုကာ ကညနမှ နောက်ဆုံးထုတ်ပေးနေသည့် မြို့နယ်ကိုယ်စားပြု စာလုံးနှင့် ယာဉ်အမျိုးအမည်ပါသော ဖောင်းကြွနံပါတ်ပြားများကို လဲလှယ်တပ်ဆင်ရေးကို ဌာနဆိုင်ရာများ အနေဖြင့် ရှေ့ဆောင်လမ်းပြဖြစ်ရန် လုပ်ဆောင်ရမည်ဖြစ်ပြီး ဌာနဆိုင်ရာများအပြင် ယာဉ်မောင်းသူအားလုံးလည်း ဖောင်းကြွနံပါတ်ပြားများ လဲလှယ်တပ်ဆင်ကြရန် ညွှန်ကြားထားခြင်းဖြစ်ကြောင်း သိရသည်။



ညွှန်ကြားချက်အတိုင်း မလိုက်နာသည့် ဌာနဆိုင်ရာ ဝန်ထမ်းများကို အရေးယူမည်ဖြစ်ကြောင်း အသိပေးမှုများကို သက်ဆိုင်ရာဌာနအကြီးအကဲများ အနေဖြင့် အောက်ခြေ ဝန်ထမ်းအဆင့်ဆင့် အသိပေးရန်ပါ ညွှန်ကြားထားခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ညွှန်ကြားချက်များကို ၂၀၂၃ခုနှစ် မေလ(၃၀)ရက်နေ့က ကျိုင်းတုံမြို့တွင် ပြုလုပ်ခဲ့သည့် စစ်ဘက်နှင့်ဌာနဆိုင်ရာ အစည်းအဝေးအတွင်း တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်နီလင်းအောင် က ညွှန်ကြားခြင်း ဖြစ်ကြောင်း သိရသည်။

"အစည်းဝေးမှာ တိုင်းမှူးကတော့ ဖောင်းကြွနံပါတ်ပြားတွေကို ဌာနဆိုင်ရာတွေအနေနဲ့ လဲလှယ်တပ်ဆင်သွားဖို့ရယ်၊ စည်းကမ်းမဲ့ဆိုင်ကယ်မောင်းနှင်မှုကို ထိထိရောက်ရောက် အရေးယူသွားဖို့ရယ် ပြောသွားတယ်။ လိုင်စင်မဲ့ကားနဲ့ ပတ်သက်ပြီး ကားတွေကို အတိအလင်း သိမ်းကြုံး ဖမ်းတာမျိုးလုပ်ဖို့တော့ ဗဟိုအဆင့်ကလည်း မညွှန်ကြားထားသေးတော့ အခု အစည်းအဝေးမှာလည်း ဒီကိစ္စမပါဘူး။  မလိုက်နာရင် အရေးယူမယ်လို့တော့ ပြောတယ်။ ကနဦးအနေနဲ့ ဖောင်းကြွနံပါတ်ပြားတွေ တပ်ဆင်ဖို့ကိုပဲ အဓိက ပြောတာ။ ဒါကလည်း အထက်က ခိုင်းတဲ့အတိုင်း ပြန်လည် ညွှန်ကြားတဲ့သဘောပါ။ အဲ့တော့ ရှမ်း(ရှေ့)တခုလုံးက မြို့နယ်တွေအားလုံးကို ပြန်ညွှန်ကြားထားတယ်။"ဟု အစည်းအဝေးတက်ရောက်ခဲ့သည့် ပြည်နယ်ခွဲအဆင့် အမည်မဖော်လိုသူ တစ်ဦးက Tachileik News Agency သို့ ဇွန်လ(၂)ရက်နေ့တွင် ပြောသည်။

ဌာနဆိုင်ရာများအနေဖြင့် ညွှန်ကြားချက်ကို မလိုက်နာဘဲ စစ်ဆေးမှုအတွင်း တွေ့ရှိရပါက စံပြအဖြစ် ထိရောက်စွာ အရေးယူမည်ဟု ဆိုထားသည်။

 ဆိုင်ကယ် မောင်းသူနှင့်လိုက်ပါစီးနှင်းသူများအနေဖြင့်လည်း ဆိုင်ကယ်စီးဦးထုပ် မဆောင်းခြင်း နှင့် အရှိန်ပြင်းစွာ မောင်းနှင်ခြင်းများ မပြုလုပ်ရန် ခရိုင်/မြို့နယ်အုပ်ချုပ်ရေးမှူးများကနေတဆင့် ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများအထိ အဆင့်ဆင့် ပြည်သူများကို အသိပေးရန် ညွှန်ကြားထားပြီး စည်းကမ်းမဲ့မောင်းနှင်သူများကို အရေးယူသွားရေးကို လုပ်ဆောင်သွားရန်လည်း ညွှန်ကြားထားကြောင်း သိရသည်။

ဖောင်းကြွနံပါတ်ပြားနှင့် ပတ်သက်၍လည်း ဖောင်းကြွနံပါတ်ပြားများ တပ်ဆင်ထားမှု ရှိမရှိ နှင့် ပတ်သက်၍ တာချီလိတ်မြို့တွင် ကညန နှင့် အဆင်မပြေမှုများရှိနေကြောင်း သိရသည်။

"တာချီလိတ်ယာဉ်ထိန်းက ဖောင်းကြွနံပါတ် တပ် မတပ်တွေကို စစ်ဆေးတော့  ကျွန်တော့်ရဲ့ ကားက လိုင်စင်ရှိပေမဲ့ ဖောင်းကြွနံပါတ် မတပ်ရသေးဘူး။ အဲ့တော့ ကညနကို သွားဖို့  ယာဉ်ထိန်းက ညွှန်တော့ ကညန သွားပြန်တော့လည်း ကားလိုင်စင် သက်တမ်းတိုးပြီးမှ ဖောင်းကြွနံပါတ် ထုတ်ပေးမယ်တဲ့။ သက်တမ်းမတိုးရင် မထုတ်ပေးဘူးတဲ့ အဲ့လိုပြောတယ်။ တကယ်က ကျွန်တော့်ကားက လိုင်စင် သက်တမ်း မကုန်သေးဘူး ကုန်ဖို့လိုသေးတယ်။ ကုန်ရင်တော့ တိုးမှာပေါ့။ မတိုးဘဲ ဘယ်နေမလဲ။ အခုက နံပါတ်ပြားအသစ်တပ်ဖို့ ပြည်သူတစ်ယောက်အနေနဲ့ လိုလိုလားလား လိုက်နာဖို့ သွားပြန်တော့လည်း ကညန အလွယ်တကူ မလုပ်ပေးဘဲ အခုလို ပြောလာတယ်"ဟု တာချီလိတ်မြို့တွင် လိုင်စင်ရှိ ကားပိုင်ရှင် တစ်ဦးက ပြောပြသည်။

ကားများနှင့်ပတ်သက်၍ ထိထိရောက်ရောက် စိစစ်မှုများ ဖြစ်လို့ပါ သက်သာသည့် ယာဉ်လိုင်စင်နှုန်းများ သတ်မှတ်ပြီး ကားလိုင်စင်များ အလွယ်တကူ ပြုလုပ်ပေးသင့်သည်ဟုလည်း အကြံပြုကြသည်။

"ကားတွေနဲ့ ပတ်သက်ပြီး ယာဉ်လိုင်စင်ကြေး သက်သက်သာသာနဲ့ လွယ်လွယ်ကူကူ လုပ်ပေးမယ်ဆိုရင် ကားရှိသူတိုင်းက ကားလိုင်စင် လုပ်ကြမှာပေါ့။ လိုင်စင်ကြေးမတတ်နိုင်လို့ တတ်နိုင်သလောက်လေးနဲ့ ကားဝယ်စီးကြရတာ။ လူတိုင်းက လိုင်စင်ရှိတဲ့ကားပဲစီးချင်တာပေါ့။ ဒါကို အကောင်းဆုံးဖြစ်အောင် အောက်ခြေကလည်း အထက်ကို တင်ပြသင့်တယ်လေ"ဟု ကျိုင်းတုံမြို့မှ လိုင်စင်မဲ့ကားပိုင်ရှင် တစ်ဦးက အကြံပြုပြောဆိုသည်။

ကရင်ပြည်နယ် ဘားအံခရိုင်အတွင်း စစ်ဆေးမှုများ ပြုလုပ်စဉ် လိုင်စင်မဲ့ကားများ တွေ့ရှိရပါက ကားကို သိမ်းဆည်းပြီး မောင်းနှင်သူကို အရေးယူမည်ဟု အသိပေးထားသည်များရှိသော်လည်း ရှမ်းပြည်နယ်အတွင်းအနေဖြင့် ကရင်ပြည်နယ်ကဲ့သို့ ပွင့်ပွင့်လင်းလင်း ကြေညာထားခြင်းမရှိဘဲ ဖောင်းကြွနံပါတ်ပြားများ တပ်ဆင်ရန်သာ အဓိက အသိပေးထားသည်ကို တွေ့ရသည်။ 

အရပ်သားအစိုးရလက်ထက်များတွင် စစ်တပ်က ဌာနဆိုင်ရာများအပေါ် လွှမ်းမိုးသည့် ညွှန်ကြားမှုများ သိသိသာသာ မရှိသော်လည်း ယခု စစ်အာဏာသိမ်းထားသည့် ကာလအတွင်း၌ စစ်တပ်က လွှမ်းမိုးကာ သိသိသာသာ ညွှန်ကြားနေကြခြင်း ဖြစ်သည်။