တရားစီရင်ရေးစနစ် မှန်ကန်မြန်ဆန်စေရေးအတွက် နှစ်ဆန်းပိုင်းမှစ၍ မူဝါဒပြောင်းလဲကျင့်သုံးမည်

တရားစီရင်ရေးစနစ် မှန်ကန်မြန်ဆန်စေရေးအတွက် နှစ်ဆန်းပိုင်းမှစ၍ မူဝါဒပြောင်းလဲကျင့်သုံးမည်
ဒီဇင်ဘာ 29, 2019
By 🌸

တရားစီရင်ရေးစနစ် မှန်ကန်မြန်ဆန်စေရေးအတွက် နှစ်ဆန်းပိုင်းမှစ၍ မူဝါဒပြောင်းလဲကျင့်သုံးမည်

ဘက်လိုက်မှုကင်းပြီး မှန်ကန်မျှတသည့် တရားစီရင်ရေးစနစ် ပေါ်ပေါက်လာစေရေးအတွက်၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှစ၍ ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်တွင် စတင်ပြောင်းလဲကျင့်သုံးမည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်ကို ရှမ်းပြည်နယ် တရားလွှတ်တော်က တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၉)ရက်နေ့၌ ရှင်းလင်းဆွေးနွေးသည်။

“တရားစီရင်ရေးမဏ္ဍိုင်ကို ဘက်လိုက်မှုကင်းပြီး မှန်ကန်မျှတတဲ့ တရားစီရင်ရေးစနစ်ပေါ်ပေါက်လာစေရေးအတွက် ပြောင်းလဲကျင့်သုံးတော့မယ့် စနစ်တစ်ရပ်ကို လွှတ်တော်ကိုယ်စားလှယ်များ၊ ဥပဒေအရာရှိများ၊ တရားစီရင်ရေးမဏ္ဍိုင်မှာ လက်တွဲပါဝင်လုပ်ကိုင်ကြရမယ့် ဌာနဆိုင်ရာများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူလူထုနှင့် မီဒီယာများ သိရှိနိုင်ရေးအတွက် ဒီနေ့ရှင်းလင်းတင်ပြခြင်းဖြစ်ပါတယ်”

ဟု ရှမ်းပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးကြွယ်ကြွယ်က အဖွင့်အမှာစကားတွင် ပြောကြားသည်။

အဆိုပါရှင်းလင်းပွဲသို့ တရားရေးဆိုင်ရာနှင့်ဆက်စပ်နေသည့် တာချီလိတ်ခရိုင်နှင့် မြို့နယ်အဆင့် ဌာနများ၊ အဖွဲ့အစည်းများနှင့် ပြည်သူအချို့တက်ရောက်ကြခြင်းဖြစ်သည်။

ပြောင်းလဲကျင့်သုံးမည့် မှုခင်းစီမံခန့်ခွဲမှုအစီအစဉ်အရ အမှုရင်ဆိုင်ရသည့် အမှုသည်များသည် မိမိတို့အမှုနှင့် ပတ်သက်ပြီး တရားရုံး သတင်းအချက်အလက်များ ရပိုင်ခွင့်၊ တရားဥပဒေအရ ခွင့်ပြုထားသည့် အခွင့်အရေးများကို အသုံးချပိုင်ခွင့်၊ အမှုမြန်ဆန်ရေး၊ မှန်ကန်ရေးတို့အတွက် အစီအစဉ်ချမှတ်ရာတွင် ပါဝင်ဆွေးနွေးခွင့်၊ အမှုများ စစ်ဆေးပြီးပြတ်နိုင်မည့် ခန့်မှန်းအချိန်ကာလကို ကြိုတင်သိရှိခွင့် စသည့်အခွင့်အရေးများကို ရရှိမည်ဖြစ်သည်။

ထို့အပြင် အမှုတစ်ခုကို စစ်ဆေးစီရင်ရာတွင် တရားရုံးနှင့် ဆက်စပ်ပတ်သက်သည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေရုံးများ၊ ရှေ့နေရှေ့ရပ်တို့တွင် မည်သည့်တာဝန်ရှိသည်ကို အမှုသည်များအား ကြိုတင်ရှင်းပြ အသိပေးထားရမည်ဖြစ်ပြီး အမှုများကြန့်ကြာနေပါက မည်သည့်အဖွဲ့အစည်း၊ မည်သူကြောင့် ကြန့်ကြာနေရသည်ဆိုသည်ကို အမှုသည်များနှင့် မီဒီယာများက သိရှိခွင့်ရလာမည်ဖြစ်သည်။

တရားစီရင်ရေးမဟာဗျူဟာစီမံကိန်းကို နိုင်ငံတကာအဖွဲ့အစည်းများဖြစ်သည့်  UNDP၊ USAID၊ JICA တို့၏အကူအညီဖြင့် ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ အကောင်အထည်ဖေါ်နေခြင်းဖြစ်ပြီး မြန်မာနိုင်ငံရှိ တရားသူကြီးများ၏ တရားစီရင်ရေးဆိုင်ရာကျင့်ဝတ်ကို ၂၀၁၇ ခုနှစ်တွင် ဒိန်းမတ်နိုင်ငံသံရုံး၊ ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် UNDP ၊ အပြည်ပြည်ဆိုင်ရာဥပဒေပညာရှင်များ ကော်မရှင် ICJ၊ နိုင်ငံတကာဥပဒေပညာရှင်များ၊ အငြိမ်းစား တရားရေးအရာရှိများနှင့် တာဝန်ထမ်းဆောင်ဆဲ တရားရေးအရာရှိများ ပူးပေါင်း၍ ရေးဆွဲပြဌာန်းထားပြီးဖြစ်ကြောင်း သိရသည်။

Tachileik News Agency
သတင်း -ဟန်စိုးထိုက်
ဓါတ်ပုံ -ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~