တာချီလိတ်မြို့တွင် ညပိုင်း၌ ရှောင်တခင် စစ်ဆေးမှု ပြန်လည်တင်းကြပ်၊ လိုအပ်ရင် အသုံးချနိုင်ရန် ညမထွက်ရ အမိန့် ဆက်လက်ရှိနေဆဲ

တာချီလိတ်မြို့တွင် ညပိုင်း၌ ရှောင်တခင် စစ်ဆေးမှု ပြန်လည်တင်းကြပ်၊ လိုအပ်ရင် အသုံးချနိုင်ရန် ညမထွက်ရ အမိန့် ဆက်လက်ရှိနေဆဲ
နိုဝင်ဘာ 19, 2023 | ရှမ်းရှေ့

 ရှမ်းပြည်နယ်(အရှေ့ပိုင်း) မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့တွင် နိုဝင်ဘာလ၏ တတိယပတ်အတွင်း စစ်ကောင်စီတပ်နှင့်ရဲတပ်ဖွဲ့တို့ ညပိုင်းများ၌ ရှောင်တခင် စစ်ဆေးမှုများအပါအဝင် ဧည့်စာရင်း တင်းတင်းကြပ်ကြပ်စစ်ဆေးနေမှုများရှိနေပြီး ညပိုင်းများတွင် ဖမ်းဆီးမှုများရှိနေသည့်အတွက် ပေါ်တာစွဲနေသည်ဟု ဒေသခံများအကြား သတင်းများ ထွက်ပေါ်နေလျက်ရှိကြောင်း နှင့် ညမထွက်ရအမိန့်မှ ယနေ့အထိ ရုတ်သိမ်းထားခြင်း မရှိသေးကြောင်း သိရသည်။

"ရှမ်းမြောက်ဘက်က တိုက်ပွဲအခြေအနေကြောင့် ရှမ်း(ရှေ့)မှာလည်း UWSA'ဝ' အဖွဲ့ကလည်း ခိုင်ခိုင်မာမာရှိနေတော့ UWSA အနေနဲ့ ရှမ်း(ရှေ့)ကို သိမ်းရင် အလွယ်လေးဆိုတော့ ဒီအခြေအနေကို စိုးရိမ်ပြီး အခုတလော စစ်ဆေးမှုတွေ တင်းကြပ်နေတာ ဟုတ်ပါတယ်။ ဒီလရဲ့ နိုဝင်ဘာလ(၁၃)ရက်နေ့ကလည်း တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးကိုယ်တိုင်  ရှမ်း(ရှေ့)မှာ ရှိတဲ့ ကျွန်တော်တို့ ပြည်သူ့စစ်အားလုံးကို ခေါ်တွေ့သေးတယ်။"ဟု တာချီလိတ်မြို့နယ်အတွင်းမှ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် တစ်ဦးက Tachileik News Agency သို့ ပြောသည်။

တာချီလိတ်မြို့တွင် ညမထွက်ရအမိန့်နှင့်ပတ်သက်၍ အာဏာသိမ်းကာလကတည်းက ယနေ့အချိန်ထိ အမိန့်ပြန်လည် ရုတ်သိမ်းထားခြင်း မရှိသေးသည့်အပြင် မြို့နယ်အုပ်ချုပ်ရေးမှူးက ဒေသခံများကို အသိပေးနှိုးဆော်ထားခြင်းမရှိဘဲ ည(၁၁)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရအမိန့် သက်တမ်း ဆက်လက်တိုးထားနေလျက်ရှိကြောင်း သိရသည်။

"ညမထွက်ရအမိန့်ကတော့ ဒီနေ့အချိန်အထိ ပြန်လည်ရုတ်သိမ်းထားခြင်း မရှိသေးပါဘူး။ ဒေသအတွင်း  ဒေသန္တရအမိန့် ထုတ်ထားကြောင်းကို ခရိုင်ကနေ ပြည်နယ်၊ ပြည်နယ်ကနေ ရုံးချုပ်အထိ ဌာနအချင်းချင်း  သိအောင်တော့ အသိပေးထားတာရှိပေမဲ့။   ဒေသခံတွေ သိအောင် ကျယ်ကျယ်ပြန့်ပြန့် မလုပ်ထားတာပဲရှိတာ။ ညမထွက်ရ အမိန့်ထုတ်လဲ KTV တွေ ကလပ်တွေက မိုးလင်းပေါက်ဆိုတော့ လူတွေ လှောင်ပြောင်မှာကို ကြောက်ပြီးတော့ ညမထွက်ရအမိန့်ထုတ်ထားကြောင်းကို ကျယ်ကျယ်ပြန့်ပြန့် သိအောင်  DC ကြီး ( ခရိုင်အုပ်ချုပ်ရေးမှူး)က မညွှန်ကြားတာလား၊ မြို့နယ်အုပ်ချုပ်ရေးမှူးက အသိပေးနှိုးဆော်တာမျိုး မလုပ်တာလားတော့မသိဘူး။ ကျွန်တော်တို့လည်း သေချာ မပြောတတ်ဘူး။ တခုရှိတာက ညဘက်တွေ ရဲတွေအနေနဲ့ ဖမ်းမိသူရှိတဲ့အခါ ညှိနှိုင်းလို့ အဆင်ပြေရင် အပြစ်ပေါ့အောင်ဆိုပြီး ညမထွက်ရ မမိန့်နဲ့ တံဆိပ်ကပ်လိုက်တာမျိုးလည်းရှိတယ်။ ပြောရရင် ညမထွက်ရ အမိန့်ကို လိုသလို အသုံးချနေတာလည်း ရှိတာပေါ့။"ဟု မြို့နယ်အဆင့် တာဝန်ရှိသူ တစ်ဦးက Tachileik News Agency သို့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ(၁၉)ရက်နေ့တွင် ပြောသည်။

တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူးရုံးက ထုတ်ပြန်ထားသည့် ညမထွက်ရ အမိန့် နှင့် ဒေသန္တရအမိန့်တို့တွင် ည(၁၁)နာရီမှ နံနက်(၄)နာရီအတွင်း ညမထွက်ရ တားမြစ်ချက်အပါအဝင် KTV များအနေဖြင့် ည(၁၁)နာရီထိသာ ဖွင့်လှစ်ရမည်ဖြစ်ပြီး KTV များတွင် မူးယစ်ထုံထိုင်းစေသည့် မူးယစ်ဆေးအမျိုးမျိုး ရောင်းချခြင်းမပြုရန်လည်း ထုတ်ပြန်ထားကြောင်း သိရသည်။

"တာချီလိတ်မြို့မှာ ပြီးခဲ့တဲ့ရက်က ညပိုင်းမှာ (၃)(၄)ယောက် ဖမ်းခံရတယ်လို့ ကြားတယ်။ ဘာလို့လဲတော့မသိဘူး။ မနေ့ညကလည်း လမ်းမှာ စစ်ဆေးတာတွေ လုပ်တာတွေ့ရတယ်။ သူတို့ ဘာကို ကြောက်လို့ အတော်စစ်ဆေးနေလဲမသိဘူး"ဟု ဒေသခံ လူငယ်တစ်ဦးက ပြောပြသည်။

နယ်စပ်ဒေသ တာချီလိတ်မြို့တွင် နိုဝင်ဘာလအတွင်း၌ တရုတ်နိုင်ငံသား (၁၃၀)ကျော် ဖမ်းဆီးမှုလည်းရှိသည့်အပြင် လောင်းကစားနေရာအချို့ ကို သိုသိုသိပ်သိပ် ဖမ်းဆီးမှုများရှိခဲ့ကြောင်း နှင့် ညပိုင်းတို့တွင် မြို့ပေါ် အဓိက နေရာများသို့ လှည့်လည်ပြီး ရှောင်တခင် စစ်ဆေးသည့်အပြင် စစ်ကောင်စီတပ် ဦးစီးသည့် ဧည့်စာရင်းအဖွဲ့ကလည်း ညစဉ် စစ်ဆေးမှုများ ပြုလုပ်ပြီး ဧည့်စာရင်း မတိုင်ကြားသူများကို ဖမ်းဆီးသည်များလည်း ရှိကြောင်း သိရသည်။