ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာများသို့ ခြေလျင်စစ်ကြောင်းထိုးနေလာသည့် စစ်ကောင်စီတပ်သားများက ဒေသခံ (၃)ဦးကို အကြောင်းမဲ့ သတ်ဖြတ်ကာ နေအိမ် (၁၄၀)ကျော်ကို မီးရှို့ဖျက်ဆီးသွား

Photo: ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး 
Photo: ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေး 
ခင်ဦးမြို့နယ်အနောက်ခြမ်း ကျေးရွာများသို့ ခြေလျင်စစ်ကြောင်းထိုးနေလာသည့် စစ်ကောင်စီတပ်သားများက ဒေသခံ (၃)ဦးကို အကြောင်းမဲ့ သတ်ဖြတ်ကာ နေအိမ် (၁၄၀)ကျော်ကို မီးရှို့ဖျက်ဆီးသွား
ဖေဖော်ဝါရီ 2, 2024 | 2021 Military Coup| အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၏ အနောက်ခြမ်းရှိ ကျေးရွာဦများ ခြေလျင်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် စစ်ကြောင်းထိုးရာ လမ်းကြောင်းတစ်လျှောက် ဒေသခံ(၃)ဦးကို အကြောင်းမဲ့ သတ်ဖြတ်သွားပြီး နေအိမ်(၁၄၀)ကျော်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ယနေ့ ဖေဖော်ဝါရီလ(၂)ရက်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အင်အား (၁၀၀)ကျော်ရှိသည့် အာဏာသိမ်းစစ်ကောင်စီတပ်သားများသည် ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၃၁)ရက်နေ့ကစပြီး ယနေ့ ဖေဖော်ဝါရီလ(၂)ရက်နေ့အထိ ခြေလျင်စစ်ကြောင်းထိုးရာ လမ်းတစ်လျှောက်ရှိ ကလုံကျေးရွာမှ အမျိုးသား(၁)ဦး၊ သရက်ကုန်းကျေးရွာမှ အမျိုးသား(၁)ဦး နှင့် ကင်းပြစ်ကျေးရွာမှ အမျိုးသား(၁)ဦး စုစုပေါင်း ဒေသခံ အမျိုးသား (၃)ဦးကို အကြောင်းမဲ့ သတ်ဖြတ်သွားခြင်း ဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ဖေဖော်ဝါရီလ(၁)ရက်နေ့ နေ့လည်(၁၂)နာရီခွဲဝန်းကျင်ကနေ ညနေပိုင်းအထိ သာဝတ္တိကျေးရွာ တပ်စွဲပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးရာ နေအိမ်ပေါင်း (၁၄၈)လုံး မီးလောင် ပြာကျသွားခဲ့ရသလို မီးရှို့ခံရမှုအတွင်း စပါးကျီများ ပါဝင်သွားရေ စပါးတင်းရေ သောင်းနှင့်ချီ ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

စစ်ကောင်စီတပ်သားများ ပြန်လည်ထွက်ခွာသွားပြီးနောက် သာဝတ္တီကျေးရွာတွင်း နေအိမ်တစ်အိမ်အတွင်းမှ သေဆုံးနေသည့် စစ်ကောင်စီတပ်သား (၁)ဦးဟု ယူဆရသည့် ရုပ်အလောင်းလဲ တွေ့ရကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

 စစ်ကောင်စီတပ်များ  စစ်ကြောင်းထိုးရာ လမ်းကြောင်းတစ်လျှောက်ရှိ ကျွန်းတောကြီး၊ မြင်းကျ၊ မကျီးအုပ်၊ ယာတော်၊ သာဝတ္ထိ၊ မြင်းဒေါင်း၊ သရက်ပင်စု၊ ကားဆိပ်၊ ကျွန်းတောလေး၊ ရှင်မင်းတွေ၊ ကလုံ၊ တဲစုစသည့် ကျေးရွာများအပါအဝင် အနီးအနားကျေးရွာများမှ ဒေသခံ (၁၀၀၀၀)ကျော်မှာ ဇန်နဝါရီလ(၃၁)ရက်နေ့ကတည်းက ထွက်ပြေးတိမ်းရှောင်နေခဲ့ရကြောင်း သိရသည်။