မူးမြို့နယ်တွင် စစ်ကောင်စီတပ်က နေအိမ် ၇၆လုံးဖျက်ဆီးပြီး အရပ်သားတစ်ဦးကို သတ်ဖြတ်သွား

မူးမြို့နယ်တွင် စစ်ကောင်စီတပ်က နေအိမ် ၇၆လုံးဖျက်ဆီးပြီး အရပ်သားတစ်ဦးကို သတ်ဖြတ်သွား

ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်နယ်မြေ ပဲခူးတိုင်း မူးမြို့နယ်တွင် (၁၀)ရက်အတွင်း အာဏာသိမ်းစစ်ကောင်စီတပ်က နေအိမ် (၇၆)လုံးအား မွှေနှောက်ဖျက်ဆီးခဲ့ပြီး အရပ်သား (၁)ဦးကို သတ်ဖြတ်ခဲ့ကြောင်း သိရသည်။

၂၀၂၃ခုနှစ် ဇူလိုင်လ (၂)ရက်နေ့မှစ၍ စစ်ကောင်စီတပ်သည် ရေတွင်းကုန်းကြီး ကျေးရွာအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ဝင်ရောက်လာခဲ့ပြီး ဇူလိုင်လ (၁၁)ရက်နေ့တွင် အဆိုပါကျေးရွာမှ ပြန်လည်ထွက်ခွာသွားခဲ့ရာ ဒေသခံထောင်ချီ ထွက်ပြေးခဲ့ရကြောင်း သိရသည်။

ဇူလိုင်လ (၁၂)ရက်နေ့တွင် KNLAတပ်ရင်း(၈)နှင့် ပူးပေါင်းတပ်ဖွဲ့များက ကျေးရွာအတွင်းသို့ ဝင်ရောက်ရှင်းလင်းခဲ့ရာ စစ်ကောင်စီတပ်က နေအိမ် (၇၆)လုံးကို မွှေနှောက်ဖျက်ဆီးပြီး ပစ္စည်းများယူဆောင်သွားသည့်အပြင် နေအိမ်(၁)လုံးကို မီးရှို့ဖျက်ဆီးထားသည်ကို တွေ့ရှိရသည်ဟု KNU ဗဟိုက ယနေ့ ဇူလိုင်လ (၁၃ရက်နေ့တွင် သတင်းထုတ်ပြန်သည်။ 

ထို့အပြင် စိတ်ကျန်းမာရေးမကောင်းသူ ဦးအောင်ဇော်ဌေး (၅၈)နှစ်ကိုလည်း သတ်ဖြတ်ပြီး မြေမြှုပ်ထားခဲ့သည်ကိုလည်း တွေ့ရှိရသည်ဟု သိရသည်။

ဇူလိုင်လ (၁၃)ရက်နေ့တွင် စစ်ကောင်စီတပ်သည် ဂမုန်းကျော်မှနေ၍ မူးမြို့နယ်ရှိ ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ပစ်ခတ်ခဲ့ရာ ဘန်းလောင်ကျေးရွာမှ သားအမိအဖ(၃)ဦး၊ အရပ်သား (၁)ဦးနှင့် ကျောက်စောင်းကျေးရွာမှ အရပ်သား (၁)ဦးတို့ ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် ဇဟာရွာကျေးရွာ၊ ရေတွင်းကုန်းလေးကျေးရွာ၊ ကျီးရိုးကျေးရွာ စသည့်ကျေးရွာများမှ လူဦးရေ စုစုပေါင်း (၃၃၃၅)ဦးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရပြီး စာရင်းမကောက်ယူနိုင်သေးသည့် ကျေးရွာများနှင့် လူဦးရေစာရင်းများလည်း ကျန်ရှိနေသေးသည်ဟု သိရသည်။

#TachileikNewsAgency

Photo : Karen National Union