EOAs အဖွဲ့တချို့ခေါင်းဆောင်များသည် လူမျိုးစုအတွင်း ကျဉ်းမြောင်းသည့် လူမျိုးရေးမုန်းတီးမှုဝါဒကို ရိုက်သွင်း၍ အလွန်အကျွံ လှုံ့ဆော်မှုများပြုလုပ်ဟု စစ်ခေါင်းဆောင်စွပ်စွဲ

EOAs အဖွဲ့တချို့ခေါင်းဆောင်များသည် လူမျိုးစုအတွင်း ကျဉ်းမြောင်းသည့် လူမျိုးရေးမုန်းတီးမှုဝါဒကို ရိုက်သွင်း၍ အလွန်အကျွံ လှုံ့ဆော်မှုများပြုလုပ်ဟု စစ်ခေါင်းဆောင်စွပ်စွဲ

နိုင်ငံ့အကျိုးကို လျစ်လျူရှု၍ ကိုယ်ကျိုးစီးပွားရှာဖွေမှုများကြောင့် နိုင်ငံနှင့်ပြည်သူများ တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများ ကြုံတွေ့နေရကြကြောင်း အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယနေ့ ၂၀၂၄ ခုနှစ် မတ်လ (၁၉)ရက်နေ့တွင် ကျရောက်သည့် နှစ်(၅၀)ပြည့် မွန်ပြည်နယ်နေ့အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် ဖော်ပြထားသည်။

ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် နိုင်ငံသားအားလုံးအနေဖြင့် စည်းလုံးညီညွတ်ခြင်း၊ စည်းကမ်းရှိခြင်း၊ တရားဥပဒေကို လေးစားလိုက်နာခြင်းတို့သည် မရှိမဖြစ်လိုအပ်သော်လည်း လက်နက်ကိုင် ပဋိပက္ခများ၊ နိုင်ငံရေးအရ သဘောထားကွဲလွဲမှုများ၊ အာဏာထူထောင်လိုမှုများ၊ သွေးခွဲသပ်လျှိုမှုများ၊ စည်းလုံးညီညွတ်မှုလျော့နည်းလာမှုများ၊ နိုင်ငံ့အကျိုးကို လျစ်လျူရှု၍ ကိုယ်ကျိုးစီးပွားရှာဖွေမှုများ၊ နိုင်ငံချစ်စိတ် မျိုးချစ်စိတ် အားနည်းမှုများ၊ နိုင်ငံ့အရင်းအမြစ်များကို ပျက်စီးအောင် ဖျက်ဆီးနေမှုများကြောင့် နိုင်ငံနှင့် ပြည်သူများသည်  တည်ငြိမ်အေးချမ်းမှုကင်းမဲ့ကာ ဆင်းရဲဒုက္ခများ ကြုံတွေ့နေကြရသည်ကို သတိထားသုံးသပ်ဆင်ခြင်ကြရမည့် အချိန်ကျ ရောက်နေပြီဖြစ်သည်ဟု ဆိုသည်။ 

နိုင်ငံတော်ကိုတည်ဆောက်ရာတွင် နိုင်ငံရေး၊ စီးပွားရေး၊ ကာကွယ်ရေးအင်အားစုများအကြား စည်းလုံးညီညွတ်စွာ ပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည့်အစား ကွဲပြားနေသော နိုင်ငံရေးအင်အားစုတို့၏ ငါတကောကောမှုများ၊ ဖဲ့ထုတ်စည်းရုံးမှုများသည် နိုင်ငံအကျိုးနှင့် ပြည်သူတစ်ရပ်လုံး၏ အကျိုးစီးပွားအတွက် မြော်မြင်မှုကင်းမဲ့စွာဖြင့် နိုင်ငံကိုထိခိုက်နစ်နာစေသည့် လုပ်ဆောင်မှုများသာဖြစ်သည်ဟု ပြောသည်။ 

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအချို့တွင်လည်း ခေါင်းဆောင်လုပ်သူတို့က လူမျိုးစုအတွင်း ကျဉ်းမြောင်းသည့် လူမျိုးရေးမုန်းတီးမှုဝါဒကိုရိုက်သွင်း၍ အလွန်အကျွံလှုံ့ဆော်မှုများပြုလုပ်ခဲ့ကြပြီး ခြံကြီးထဲတွင် ခြံငယ်ခတ်ရန်၊ လှေကြီးပေါ်တွင် လှေငယ်တင်ရန်၊  ပြည်ထောင်စုကြီး ပြိုကွဲပျက်စီးစေရန် ပိုမိုအားထုတ်နေသည်ကို သတိတရားဖြင့် ကာကွယ်ထိန်းသိမ်းကြရန်လိုအပ်သည်ဟုလည်း မင်းအောင်လှိုင်က ပြောဆိုသည်။ 

ထို့အပြင် ရောက်သည့်နေရာတိုင်းတွင် ပြောဆိုနေသည့်  ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲ မဲမသမာမှုအကြောင်းများကြောင့် ဖြစ်ခဲ့ရသည့် နိုင်ငံရေးအပြောင်းအလဲအပြီးတွင် NUG လက်အောက်ခံ PDF အကြမ်းဖက်အဖွဲ့နှင့် အခြားဒေသအလိုက် ကာကွယ်ရေးအဖွဲ့အမည်ခံ လက်နက်ကိုင်အဖွဲ့အုပ်စုအမျိုးမျိုးတို့ ပေါ်ပေါက်လာခဲ့ပြီး နိုင်ငံတော်တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် အချုပ်အခြာအာဏာကို ထိခိုက်ပျက်စီးစေရန် ရည်ရွယ်ပြီး အကြမ်းဖက်မှု မျိုးစုံကိုကျူးလွန်နေသည်ဟု စွပ်စွဲပြောဆိုသည်။ 

ထို့ကြောင့် နိုင်ငံသူ၊ နိုင်ငံသားအားလုံးတို့က စည်းလုံးညီညွတ်စွာဖြင့် ပြည်ထောင်စုစိတ်ဓာတ် အရင်းခံကာ နိုင်ငံတော်ကို ဝိုင်းဝန်းကာကွယ် စောင့်ရှောက်ထိန်းသိမ်းသွားကြရန် မဖြစ်မနေလိုအပ်သည့်အချိန်ဖြစ်သည်ဟု စစ်မှုထမ်းဥပဒေကိုရည်ညွှန်းကာ ပြောဆိုသည်။

#TachileikNewsAgency