ဆီဆိုင်မြို့နယ် လွယ်ပွတ်ရွာတွင် ဖမ်းမိသူနှစ်ဦးမှာ ပြည်သူ့စစ်သင်တန်းတက်ထားသည့် ကျေးရွာခေါင်းဆောင် ကော်မတီဝင်များဖြစ်၊ ကောင်းမွန်စွာထိန်းသိမ်းထားဟု PNLA ထုတ်ပြန်

ဆီဆိုင်မြို့နယ် လွယ်ပွတ်ရွာတွင် ဖမ်းမိသူနှစ်ဦးမှာ ပြည်သူ့စစ်သင်တန်းတက်ထားသည့် ကျေးရွာခေါင်းဆောင် ကော်မတီဝင်များဖြစ်၊ ကောင်းမွန်စွာထိန်းသိမ်းထားဟု PNLA ထုတ်ပြန်
ဖေဖော်ဝါရီ 8, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအနီးတွင် ဖမ်းဆီးရမိခဲ့သူနှစ်ဦးမှာ ပြည်သူ့စစ်သင်တန်းတက်ထားသည့် ကျေးရွာခေါင်းဆောင် ကော်မတီဝင်များဖြစ်ကြပြီး စစ်ဆေးကာ ပြစ်မှုမရှိပါက ပြန်လွှတ်ပေးသွားမည်ဟု PNLAက သတင်းထုတ်ပြန်သည်။

ဆီဆိုင်မြို့နယ် လွယ်ပွတ်ကျေးရွာအနီးတွင် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) လုံခြုံရေးတပ်ဖွဲ့အား ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၆)ရက်နေ့က ချောင်းမြောင်းပစ်ခတ်သည့် စစ်ကောင်စီနှင့် PNO ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များအား လိုက်လံဖမ်းဆီးစဉ် အဆိုပါ(၂)ဦးအား အရှင်ဖမ်းမိခဲ့ခြင်းဖြစ်‌ကြောင်း သိရသည်။

ဖမ်းဆီးရမိသူ (၂)ဦးမှာ ဦးခွန်မောင်လာ အသက်(၅၄)နှစ်နှင့် ဦးခွန်မောင်စိန် အသက်(၄၅)နှစ်တို့ဖြစ်ပြီး ဖမ်းဆီးရမိသည့်အချိန်တွင် ဦးခွန်မောင်စိန်ထံမှ ၎င်းဝတ်ဆင်ထားသည့် PNOပြည်သူ့ စစ်ယူနီဖောင်းတစုံနှင့် စကားပြောစက် တစ်လုံးကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

စစ်ဆေးမေးမြန်းချက်အရ  ၎င်းတို့သည် ကျေးရွာခေါင်းဆောင် ကော်မတီဝင်များဖြစ်ပြီး PNO ပြည်သူ့စစ်က လူသားဒိုင်းအဖြစ် ခေါ်ထားခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့သည်ဟု ဆိုသည်။

၎င်းတို့ကို PNO ပြည်သူ့စစ်က ခေါ်ယူထားခြင်းဖြစ်ကာ ရပ်ရွာဖျက်ဆီးမှုမခံရရေး၊ ပြည်သူ့စစ်များကို ထမင်းဟင်း စသည်များ ဧည့်ခံရေးအတွက် ပြည်သူ့စစ်များနှင့်အတူ ရှိနေခြင်းဖြစ်သည်ဟုဆိုသည်။

ထို့အပြင် PNO ပြည်သူ့စစ်မှ ဖွင့်လှစ်သည့် စစ်သင်တန်းအမှတ်စဉ်(၄)ကို တက်ရောက်ခဲ့ပြီး PNOပြည်သူ့စစ်က တပ်ဖွဲ့ဝင်ကဒ်၊ ပြည်သူ့စစ် ယူနီဖောင်း တစ်စုံနှင့် စကားပြောစက် တစ်လုံး ထုတ်ပေးထားကြောင်း ဖမ်းဆီးခံရသူများက ထွက်ဆိုသည်ဟု သိရသည်။

ထို့ကြောင့် ၎င်းတို့(၂)ဦးအား တရားရေးဌာနမှ လိုအပ်သည်များကို ဆက်လက်စစ်ဆေးပြီး ပြစ်မှုမရှိပါက ပြန်လည်လွတ်ပေးသွားမည်ဟု သိရသည်။

၎င်းတို့(၂)ဦးအား ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA)မှ မည်သည့် နှိပ်စက်ခြင်းမျှမပြုပဲ ကောင်းမွန်စွာ ထိန်းသိမ်းထားကာ မိသားစုဝင်များအနေဖြင့် စိုးရိမ်ပူပန်ခြင်းမရှိကြရန် အသိပေးထားသည်။ 

ထို့ကြောင့် မလိုလားအပ်သည့် ထိခိုက်မှုများမဖြစ်စေရန် ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့်အပေါင်းအပါများ၏ စစ်ကြောင်းနှင့်အတူ လိုက်ပါနေထိုင်ခြင်း၊ စစ်ကောင်စီနှင့် အပေါင်းအပါများ၏ စခန်းအနီး စခန်းအတွင်းများတွင် သွားလာနေထိုင်ခြင်း၊ စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ယူနီဖောင်းများအား ဝတ်ဆင်ခြင်း သိမ်းဆည်းထားခြင်းများ လုံးဝမပြုလုပ်ကြရန် အသိပေးထားသည်။

#TachileikNewsAgency