အသံတိတ်သပိတ်ပြုလုပ်သဖြင့် အင်းစိန် GTIမှ ကျောင်းသားများကို စစ်ကောင်စီတပ်ရိုက်နှက်၊ ရခိုင်ကျောင်းသားများကို လူမျိုးရေးခွဲခြားကာ ရိုက်နှက်သွား

အသံတိတ်သပိတ်ပြုလုပ်သဖြင့် အင်းစိန် GTIမှ ကျောင်းသားများကို စစ်ကောင်စီတပ်ရိုက်နှက်၊ ရခိုင်ကျောင်းသားများကို လူမျိုးရေးခွဲခြားကာ ရိုက်နှက်သွား
ဖေဖော်ဝါရီ 5, 2024 | 2021 Military Coup| အခြားဒေသများ

ရန်ကုန်မြို့ အင်းစိန် GIT ကျောင်းအတွင်း အသံတိတ်သပိတ်ပြုလုပ်သဖြင့် ရခိုင်ကျောင်းသားများအပါအဝင် ကျောင်းသား(၆)ဦးကို စစ်ကောင်စီတပ်က လူမျိုးရေးခွဲခြားဆက်ဆံကာ ဖမ်းဆီးရိုက်နှက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

စစ်အာဏာသိမ်းသည့် (၃)နှစ်ပြည့် ၂၀၂၄ခုနှစ် ဖေဖော်ဝါရီလ(၁)ရက်နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြုလုပ်သည့် အချက်အလက်များ စစ်ကောင်စီလော်ဘီ သဇင်ဦးတယ်လီဂရမ်ချန်နယ်တွင် ပေါက်ကြားခဲ့ပြီးနောက် စစ်ကောင်စီတပ်က ဖေဖော်ဝါရီလ (၂)ရက်နေ့ ညပိုင်းတွင် ကျောင်းရှေ့သို့ရောက်ရှိလာပြီး ကျောင်းသားများကို ဖမ်းဆီးရိုက်နှက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“ဖမ်းဆီးရိုက်နှက်ခံရတဲ့အထဲမှာ ရခိုင်ကျောင်းသားတချို့ပါတယ်ပေါ့နော်။ ပြီးတော့ သူတို့မှတ်ပုံတင်တွေကြည့်တယ်။ မှတ်ပုံတင်တွေ့တဲ့အခါမှာ မင်းတို့ရခိုင်တွေ ငါတို့ဗမာပြည်မှာ ဒါမျိုးလာလုပ်လို့မရဘူးဆိုပြီးတော့ လူမျိုးရေးခွဲခြားတဲ့စကားတွေ၊ လူမျိုးကို တိုက်ခိုက်ဆဲဆိုတဲ့ အသုံးအနှုန်းတွေပြောတယ်။”ဟု ဖြစ်စဉ်ကိုမြင်တွေ့ခဲ့သူ တစ်ဦးက Tachileik News Agencyကိုပြောသည်။

ဖေဖော်ဝါရီလ (၁)ရက်နေ့တွင်ပြုလုပ်မည့် အသံတိတ်သပိတ်တွင် ပါဝင်ကြရန် အင်းစိန် GTI ကျောင်းသားများက ကျောင်းဌာနများ၏ Group Chatများအတွင်း ဆော်ဩခဲ့ကြရာ အဆိုပါအချက်အလက်သည် စစ်ကောင်စီလော်ဘီ သဇင်ဦးတယ်လီဂရမ်ချန်နယ်သို့ ပေါက်ကြားခဲ့ကြောင်း သိရသည်။

“ကျောင်းမှာလည်း အတွင်းလူရှိတယ်။ ဒါပေမယ့် (၁)ရက်နေ့မှာ သပိတ်ကိုလုပ်နိုင်ခဲ့တယ်။ အခန်းထဲမှာ လူမရှိလို့ အခန်းတံခါး ပိတ်ထားရလောက်တဲ့အထိ ဖြစ်ခဲ့တယ်။ ကျောင်းတာဝန်ရှိသူတွေကလည်း ကျောင်းပုံမှန်ပြန်တက်ကြဖို့ပေါ့နော် ပြောတယ်။ သဇင်ဦးရဲ့ တယ်လီဂရမ်ချန်နယ်ကနေ မတက်ရင် အရေးယူမယ်လို့ ကြေညာခဲ့တယ်။ ဒါပေမယ့် သပိတ်က တော်တော်အောင်မြင်ခဲ့တယ်။”ဟု ၎င်းကဆက်ပြောသည်။ 

ထို့နောက် ဖေဖော်ဝါရီလ (၂)ရက်နေ့ ည(၇)နာရီကျော်တွင် အဆောင်နေကျောင်းသားတစ်ချို့ အပြင်သို့သွားရာ စစ်ကောင်စီတပ်က ကား(၇)စီး အင်အား(၂၀)ဝန်းကျင်ဖြင့် ရောက်ရှိလာပြီး ကျောင်းသားများကို ဖမ်းဆီးရိုက်နှက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

“သူတို့တွေကို ဖမ်းဆီးပြီးတော့ ရိုက်နှက်မေးမြန်းတာတွေလုပ်တယ်ပေါ့။ ပုံစံထိုင်ခိုင်းတယ်၊ စစ်ဖိနပ်နဲ့ကန်တယ်၊ သေနတ်ဒင်နဲ့ရိုက်တယ်။ ရိုက်နှက်ခံရတဲ့အချိန်မှာ ကျောင်းသားတစ်ယောက်က ကျောင်းဝန်းထဲကနေလာချိန် သူ့ကိုအပြင်ထွက်ခဲ့ခိုင်းတယ်။ ခြံစည်းရိုးကျော်နေတုန်း ဆွဲချပြီး စစ်ဖိနပ်တွေနဲ့ကန်တာမျိုး၊ သေနက်ဒင်နဲ့ ရိုက်တာမျိုးတွေ လုပ်တယ်ဗျ။”ဟု ၎င်းကဆက်ပြောသည်။

စစ်ကောင်စီတပ်က ရိုက်နှက်နေသည်ကို ကျောင်းတာဝန်ရှိသူများကလည်း မြင်တွေ့ခဲ့သော်လည်း ဝင်ရောက်ဖြေရှင်းပေးခြင်း၊ ကာကွယ်ပေးခြင်းမရှိသဖြင့် ကျောင်းအုပ်ကြီးကိုယ်တိုင်က လိုလားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီကျောင်းသားတွေ ကံကောင်းလို့လွတ်လာတာဗျ။ သူတို့ကို ဖမ်းဆီးတဲ့အချိန်မှာ ကျောင်းသားတွေကို ဖမ်းဆီးရိုက်နှက်ပြီး အင်းစိန်ထောင်ကို ပို့မယ်ဆိုပြီးပြောတယ်။ ကားပေါ်ကိုတက်ခိုင်းတယ်ပေါ့နော်။ သူတို့ကို အင်းစိန်ထောင်ကိုပို့ဖို့ ကားပေါ်တက်ခိုင်းခဲ့တဲ့အချိန်မှာ ကျောင်းသားတစ်ယောက်က ကျောင်းသားကဒ်ပြတာကို နင်တို့ ကျောင်းသားမှန်သိတယ်။ မင်းတို့လုပ်ချင်တိုင်း လုပ်လို့မရဘူး။ ငါတို့လုပ်သင့်လုပ်ထိုက်တာကို လုပ်တာဆိုပြီး သူတို့အထက် ခေါင်းဆောင်ကို လှမ်းပြီးအကြောင်းကြားတယ်။ သူတို့အထက်အရာရှိက ရိုက်သင့်သလောက်ရိုက်ပြီး ပြန်လွှတ်လိုက်ဆိုလို့ ပြန်လွတ်လာတာပေါ့။”ဟု မြင်တွေ့ခဲ့သူတစ်ဦးက ပြောသည်။

ရိုက်နှက်ခံရသဖြင့် မျက်လုံးမဖွင့်နိုင်သည့် ကျောင်းသားများ၊ ဗိုက်အကန်ခံရသဖြင့် လမ်းမလျောက်နိုင်သည့် ကျောင်းသားများအပြင် ယခုအချိန်ထိ ကျောင်းမတက်နိုင်သေးသည့် ကျောင်းသားများလည်းရှိကြောင်း သိရသည်။

#TachileikNewsAgency