ဖားကန့် မနမှော်နွံကန်ပွင့်ကျပြီး လူ ၃၀ ထက်မနည်းပျောက်ဆုံး 

ဖားကန့် မနမှော်နွံကန်ပွင့်ကျပြီး လူ ၃၀ ထက်မနည်းပျောက်ဆုံး 

ကချင်ပြည်နယ် ဖားကန့်မြို့အနီး မနမှော်တွင် ယနေ့ ၂၀၂၄ခုနှစ် မတ်လ(၁၂)ရက်နေ့ နံနက်(၄)နာရီဝန်းကျင်က  နွံကန်‌ပွင့်ကျကာ ကျောက်ရှာဖွေသူ (၃၀)ဦးမနည်း ပျောက်ဆုံးနေကြောင်း ဒေသခံများထံမှ သိရသည်။

ရေနည်းကာ နွံများပြီး ပွင့်ကျလာခြင်းဖြစ်ပြီး ဘတ်ဟိုးကားများလည်း နစ်မြှုပ်သွားသည့်အပြင် နွံကန်ပွင့်နေသဖြင့် ရှာဖွေကယ်ဆယ်ရေးများ လုပ်ဆောင်မရ ဖြစ်နေသည်ဟု သိရသည်။

သေဆုံးသွားသူအများစုမှာ ကျောက်စိမ်းတူးဖော်သည့် ကုမ္ပဏီမှဝန်ထမ်း ကျောက်တူးသမားများ ပါဝင်သည်ဟု သိရသည်။

“ကိုချိုလုပ်ကွက်က နွံကန်ပေါက်ကျသွားတာ။ အခုထိတော့ အလောင်းတစ်လောင်းကို ဆယ်ယူရရှိထားတယ်။ တချို့လူတွေ ပြေးတာမြန်လို့။ နွံဆိုတော့ ရှာရခက်နေတယ်။”ဟု ဒေသခံတစ်ဦးက Tachileik News Agency ကို ပြောသည်။

ဒဏ်ရာရသူတချို့လည်းရှိထားသဖြင့် ဖားကန့်ဆေးရုံကြီးသို့ ပို့ဆောင်ထားရပြီး ဒေသခံများ၏ ပြောပြချက်အရ ဘတ်ဟိုး(၁၀)စီးနှင့် မြေစာသယ်ကားအစီး(၂၀)ခန့် ပါသွားသည်ဟု ဆိုသည်။

အသေးစိတ်အချက်အလက်ကို Tachileik News Agency အနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။

#TachileikNewsAgency