စင်ကာပူနိုင်ငံအတွင်း လမ်းမများပေါ်တွင် ကင်းလှည့် ရဲစက်ရုပ်များ ပိုမို ဖြန့်ကျက်ချထားမည်

Photo: AFP
Photo: AFP
စင်ကာပူနိုင်ငံအတွင်း လမ်းမများပေါ်တွင် ကင်းလှည့် ရဲစက်ရုပ်များ ပိုမို ဖြန့်ကျက်ချထားမည်
By Mr John

စင်ကာပူနိုင်ငံတဝန်း ကင်းလှည့် ရဲစက်ရုပ်များကို အဆင့်ဆင့် ဖြန့်ကျက် ချထားသွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့က ၂၀၂၃ခုနှစ် ဇွန်လ (၁၅) ရက်နေ့တွင် ပြောသည်။ 

ရဲစက်ရုပ် အနည်းငယ်ဖြင့် (၅) နှစ်ကျော်ကြာ စမ်းသပ်မှုများ ပြုလုပ်ခဲ့ပြီးနောက် စင်ကာပူရဲတပ်ဖွဲ့က ထိုသို့ စီစဥ်လာခြင်း ဖြစ်သည်။ 

စင်ကာပူနိုင်ငံ ချန်ဂီလေဆိပ်၏ အဆောင် (၄) တွင် ရဲအရာရှိများ၏ ကင်းလှည့်စောင့်ကြပ်မှုကို တိုးမြှင့်လုပ်ဆောင်ရန် ၂၀၂၃ ခုနှစ် ဧပြီလအတွင်း ရဲစက်ရုပ်များ စတင်ဖြန့်ကျက်ချထားခဲ့ကြောင်း သိရသည်။

နောက်ထပ် ရဲစက်ရုပ်များကို လူဦးရေ (၅.၆) သန်းရှိ စင်ကာပူနိုင်ငံတဝန်းတွင် ဖြန့်ကျက်ချထားရန် မျှော်မှန်းထားကြောင်း စင်ကာပူရဲတပ်ဖွဲ့ Singapore Police Force (SPF) က ပြောသည်။

 လူဦးရေနည်းပြီး မွေးဖွားနှုန်းနိမ့်သည့် စင်ကာပူတွင် လူ့စွမ်းအားအရင်းအမြစ် မရှိခြင်းကို ဖြေရှင်းရန် နည်းပညာကို အသုံးပြုချလာခြင်း ဖြစ်သည်။

"SPF က စင်ကာပူတဝန်း ရဲတပ်ဖွဲ့၏ လုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်ရန် ကင်းလှည့် ရဲစက်ရုပ်များကို အဆင့်ဆင့် ပိုမို ဖြန့်ကျက်သွားရန် စီစဥ်ထားသည်" ဟု SPF က ထုတ်ပြန်ချက်တစ်ခုတွင် ပြောထားပြီး အချိန်ဇယားကို မဖော်ပြထားဟု ဆိုသည်။

 စင်ကာပူတွင် ဖြန့်ကျက်ချထားမည့် ရဲစက်ရုပ်များတွင် ကင်မရာများ၊ အာရုံခံစနစ်များ၊ စပီကာများ၊ အချက်အလက်ဖော်ပြသည့် screen ၊ အချက်ပြမီးများနှင့် အချက်ပေးဥဩတစ်ခုတို့ တပ်ဆင်ထားကြောင်း သိရသည်။

ရဲစက်ရုပ်များတွင် တပ်ဆင်ထားသည့် (၃၆၀) ဒီဂရီ လှည့်ပတ်နိုင်သော ကင်မရာတစ်ခုက မြေပြင်အခြေအနေကို ထိန်းချုပ်ခန်းရှိ ရဲအရာရှိများ ကြည်ရှုနိုင်ရန် ထုတ်လွှင့်ပေးသည်။

 ထို့အပြင် ရဲစက်ရုပ်များက အများပြည်သူနှင့် အပြန်အလှန် တိုက်ရိုက် စကားပြောဆိုနိုင်ပြီး ကင်းလှည့် ရဲစက်ရုပ်များမှာ စင်ကာပူရဲတပ်ဖွဲ့၏ နည်းပညာဆိုင်ရာ လက်နက်တိုက် နောက်ဆုံးပေါ် ထပ်တိုးဖြည့်တင်းမှုဖြစ်ကြောင်း SPF က ဆိုသည်။

Source: AFP