ရှန်ဟိုင်းမြို့တွင် COVID-19 ကြောင့် (၂) လကြာ lockdown လုပ်ထားခဲ့မှုကို ဖြေလျှော့လိုက်ပြီ

ရှန်ဟိုင်းမြို့တွင် COVID-19 ကြောင့် (၂) လကြာ lockdown လုပ်ထားခဲ့မှုကို ဖြေလျှော့လိုက်ပြီ
By Mr John

တရုတ်စီးပွားရေးမြို့တော် ရှန်ဟိုင်းမြို့တွင် COVID-19 ကူးစက်မှုတွေကြောင့် (၂) လကြာ lockdown လုပ်ထားခဲ့မှုကို ဖြေလျှော့လိုက်ပြီ ဖြစ်သည်။

ရှန်ဟိုင်းမြို့တွင် သတ်မှတ်ထားခဲ့သည့် ကပ်ရောဂါဆိုင်ရာ ကန့်သတ်ချက်များကို မေလ (၃၁) ရက်နေ့ ဒေသစံတော်ချိန် ညသန်းခေါင်အချိန်မှစပြီး ဖြေလျှော့ပေးလိုက်ရာ မြို့၏လူဦးရေ (၂၅) သန်းခန့်မှာ လွတ်လပ်စွာ သွားလာနိုင်ပြီဖြစ်သော်လည်း ရှန်ဟိုင်းမြို့တွင် အနည်းဆုံး လူဦးရေ ၆၅၀,၀၀၀ ကိုမူ ၎င်းတို့၏နေအိမ်များတွင်သာ ဆက်လက် နေထိုင်စေမည်ဟု ဆိုသည်။

တရုတ်နိုင်ငံ၏ COVID-19 လုံးဝကင်းစင်ရေး "zero Covid" မူဝါဒကို ဆက်လက်ကျင့်သုံးနေဆဲဖြစ်ပြီး ကူးစက်ခံရသူများမှာ ကွာရန်တင်းစင်တာ သို့မဟုတ် ဆေးရုံတွင် သီးခြားခွဲနေထိုင်ကြရမည် ဖြစ်သည်။

၎င်းတို့နှင့် အနီးကပ်ထိတွေ့ခဲ့သူများမှာလည်း ကွာရန်တင်းစင်တာသို့ ရွှေ့ပြောင်းခံရမည်ဖြစ်ပြီး ၎င်းတို့နေထိုင်ရာ ဧရိယာတဝိုက်ကို ချက်ချင်း lockdown ပြန်သတ်မှတ်မည်ဟု ဆိုသည်။

"ဒါက ကျွန်မတို့ အချိန်အကြာကြီး အိပ်မက် မက်ခဲ့ကြတဲ့ နေ့တစ်နေ့ပါ။ လူတိုင်းက အများကြီး အနစ်နာခံခဲ့ကြရတယ်။ ဒီနေ့က ခက်ခက်ခဲခဲ ရခဲ့တဲ့အောင်မြင်မှုဖြစ်ပါတယ်။ ကျွန်မတို့ ဒါကို အလေးထားပြီး ကာကွယ်ဖို့ လိုအပ်ပါတယ်" ဟု ရှန်ဟိုင်းမြို့ အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရ အမျိုးသမီး Yin Xin က သတင်းထောက်တွေကို ပြောသည်။

E-commerce လုပ်ငန်းလုပ်ကိုင်သူ Chen Ying ကတော့ lockdown ဖြေလျှော့ပြီးနောက် နေအိမ်ကနေ အလုပ်လုပ်သွားရန် စီစဥ်ထားကြောင်း၊ သို့သော် သူမ၏ အသက် (၂) နှစ်အရွယ် သားဖြစ်သူကို အပြင်ထွက်လမ်းလျှောက်ရန် လိုက်ပို့နိုင်သည်ဟု ဆိုသည်။

ရှန်ဟိုင်းမြို့တွင် လနှင့်ချီကြာ lockdown လုပ်ထားခဲ့ခြင်းကြောင့် မြို့ခံအများအပြား ဝင်ငွေဆုံးရှုံးခြင်း၊ လုံလောက်သည့် စားနပ်ရိက္ခာရှာဖွေရန် ရုန်းကုန်ရခြင်းနှင့် ကာလရှည်ကြာ အထီးကျန်မှုနှင့်အတူ စိတ်ပိုင်းဆိုင်ပြဿနာ ဖြေရှင်းရခြင်းတို့ ကြုံခဲ့ရသည်။

ရှန်ဟိုင်းတွင် lockdown လုပ်ခဲ့မှုကြောင့် အနောက်နိုင်ငံများမှ ကားထုတ်လုပ်ရေးများဖြစ်သည့် Volkswagen နှင့် Tesla တို့လည်း တစ်စိတ်တပိုင်း ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။

ယခုအခါ lockdown ဖြေလျှော့မှုအရ အများပြည်သူ သယ်ယူပို့ဆောင်ရေးတွင် အခြေခံဝန်ဆောင်မှုများ ပြန်လည်စတင်မည်ဖြစ်ပြီး ဈေးဆိုင်များ ပြန်ဖွင့်မည်ဖြစ်သည်။

ကြီးမားသည့် ဈေးဆိုင်များတွင်မူ လုပ်ငန်းလည်ပတ်မှု (၇၅) ရာခိုင်နှုန်းဖြင့် ပြန်ဖွင့်နိုင်မည်ဟု ဆိုသော်လည်း ရုပ်ရှင်ရုံများ၊ ပြတိုက်များနှင့် ကိုယ်ကာယလေ့ကျင့်ရေးစင်တာများကိုမူ ဆက်လက်ပိတ်ထားစေမည် ဖြစ်သည်။

ကလေးအများစုကို စာသင်ခန်းတွင် လူကိုယ်တိုင် တက်ခွင့်ပြုမည်မဟုတ်သေးကြောင်းလည်း သိရသည်။

ရှန်ဟိုင်းမြို့တွင် lockdown ဖြေလျှော့ပြီးနောက်ပိုင်း အောက်ပါစည်းမျဥ်းအသစ်များကိုလည်း သတ်မှတ်ထားမည်ဟု ဆိုသည်။

  • - ရှန်ဟိုင်းတွင်နေထိုင်သူအားလုံးမှာ နေအိမ်ပြင်ပသို့ ထွက်ခွာရန် သို့မဟုတ် အဆောက်အအုံများနှင့် နေရာအများစုကို ဝင်ရောက်ရန် ကျန်းမာရေးထောက်ခံချက်အဖြစ် ၎င်းတို့၏ မိုဘိုင်းဖုန်းတွင် green health code ကို ပြသရန် လိုအပ်မည်ဖြစ်သည်။
  • - ရှန်ဟိုင်းမြို့တွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးစနစ်ဖြင့် သွားလာခြင်းနှင့် ဘဏ်များ၊ ဈေးဝယ်စင်တာ အစရှိသည့်နေရာများသို့ သွားရောက်ရာတွင် အနည်းဆုံး (၇၂) နာရီအတွင်း စစ်ဆေးထားသည့် COVID-19 ကင်းရှင်းကြောင်း PCR စစ်ဆေးမှုအဖြေရှိရန် လိုအပ်မည်ဖြစ်သည်။ 
  • - ရှန်ဟိုင်းမြို့မှ ထွက်ခွာမှုကိုမူ ကန့်သတ်ချက်များ ဆက်လက်ထားရှိမည်ဖြစ်ပြီး နောက်မြို့တစ်မြို့သို့ ခရီးသွားသည့် မြို့ခံအားလုံးမှာ ၎င်းတို့ရောက်ရှိသည့်မြို့တွင် (၇) ရက်မှ (၁၄)ရက်ကြာ ကွာရန်တင်းဝင်ရမည်ဖြစ်သည်။

Source: BBC

Photo: REUTERS, GETTY IMAGES