အာဏာသိမ်းစစ်တပ်ကို လေယာဉ်ဆီ သွင်းနေပေးသည့် လုပ်ငန်း (၃) ခု နှင့် ဘဏ် ( ၂ )ခုကို ဩစတေးလျက ဒဏ်ခတ်ပိတ်ဆို့

အာဏာသိမ်းစစ်တပ်ကို လေယာဉ်ဆီ သွင်းနေပေးသည့် လုပ်ငန်း (၃) ခု နှင့် ဘဏ် ( ၂ )ခုကို ဩစတေးလျက ဒဏ်ခတ်ပိတ်ဆို့
ဖေဖော်ဝါရီ 1, 2024 | 2021 Military Coup| နိုင်ငံတကာသတင်း

 ပြည်သူများအပေါ် အကြမ်းဖက်မှုများလုပ်နေသည့် မြန်မာအာဏာသိမ်းစစ်တပ်နှင့် ဆက်စပ်နေသော  လုပ်ငန်း (၅) ခုအား စစ်အာဏာသိမ်းမှု (၃) နှစ်ပြည့်ဖြစ်သည့် ၂၀၂၄ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့တွင် ဩစတေးလျက ထပ်တိုးပိတ်ဆို့ အရေးယူလိုက်သည်။

 မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (Myanma Investment and Commercial Bank)

အာဏာသိမ်းစစ်ကောင်စီအတွက် ဘဏ္ဍာရေး အထောက်အပံ့ဖြစ်စေသည့် လုပ်ဆောင်ချက်များ လုပ်နေသည့် မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (Myanma Foreign Trade Bank, MFTB) နှင့် မြန်မာ့ရင်းနှီးမြှုပ်နှံမှုနှင့် ကူးသန်းရောင်း၀ယ်ရေးဘဏ် (Myanma Investment and Commercial Bank) တို့အား စီးပွားရေးပိတ်ဆို့လိုက်ခြင်းဖြစ်သည်။

မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ် (Myanma Foreign Trade Bank, MFTB)

ယင်းအပြင် စစ်ကောင်စီတပ်ကို လေယာဉ်ဆီတင်သွင်းပေးနေသည့် Asia Sun Group၊ Asia Sun Trading Co.,Ltd နှင့် Cargo Link Petroleum Logistics Co Ltd., တို့ကိုလည်း ဒဏ်ခတ်ပိတ်ဆို့စာရင်းတွင် ထည့်သွင်းလိုက်ခြင်းဖြစ်သည်။

အဆိုပါ ပိတ်ဆို့မှုများသည် မြန်မာပြည်သူများအပေါ် အာဏာသိမ်းစစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များနှင့် လူ့အခွင့်အရေးချိုးဖေါက်နေမှုများအပေါ်  တုန့်ပြန်မှုဖြစ်သည်ဟု ဩစတေးလျနိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖေါ်ပြထားသည်။

ဩစတေးလျအနေဖြင့် မြန်မာအာဏာသိမ်းအဖွဲ့၏ လုပ်ရပ်များကို ဆက်လက်၍ အနီးကပ်စောင့်ကြည့်နေမည်ဖြစ်ကြောင်းကိုလည်း ထုတ်ပြန်ထားသည်။

မြန်မာအာဏာသိမ်းစစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် လူထုရွေးကောက်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ အာဏာသိမ်းလိုက်သည်ကို ဆန့်ကျင်သည့် ပြည်သူများအား ရက်စက်စွာ အကြမ်းဖက် နှိမ်နှင်းမှုများ လုပ်နေသည့်အတွက် အာဏာသိမ်းစစ်အုပ်စုအား နိုင်ငံတကာက ရှုံ့ချ၍ ဒဏ်ခတ်ပိတ်ဆို့မှုများ ဆက်တိုက်လုပ်နေကြခြင်းဖြစ်သည်။