မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု ရင်ဆိုင်နေရ

မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှု ရင်ဆိုင်နေရ
By Mr John

 မလေးရှားဝန်ကြီးချုပ်ဟောင်း မဟာသီယာ မိုဟာမက်ကို ၎င်း၏သားများ ပါဝင်ပတ်သက်နေသည့် အဂတိလိုက်စားမှုနှင့် ဆက်စပ်၍ စုံစမ်းစစ်ဆေးနေသည့် လူပုဂ္ဂိုလ်များစာရင်းတွင် ထည့်သွင်းထားကြောင်း မလေးရှားနိုင်ငံ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင် Malaysia's Anti-Corruption Commission (MACC) ၏ အကြီးအကဲက ၂၀၂၄ ခုနှစ် ဧပြီလ (၂၅) ရက်နေ့တွင် ပြောသည်။

မလေးရှားတွင် လက်ရှိ ဝန်ကြီးချုပ် အန်ဝါ အီဗရာဟင်မ်၏ ကာလရှည်ကြာ ရန်သူတစ်ဦးဖြစ်သူ အသက် (၉၈) နှစ်ပြည့်လုနီးပါး ဝန်ကြီးချုပ်ဟောင်း မဟာသီယာ အပါအဝင် ထင်ရှားသော နိုင်ငံရေးသမားများ ပါဝင်ပတ်သက်သော အဂတိလိုက်စားမှုများကို ကျယ်ကျယ်ပြန့်ပြန့် တိုက်ဖျက်နေမှုအတွင်း ယခု စုံစမ်းစစ်ဆေးမှု ရှိလာခြင်းလည်း ဖြစ်သည်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေး အကြောင်းပြချက်ဖြင့် နိုင်ငံရေးပြိုင်ဘက်များကို ပစ်မှတ်ထားနေကြောင်း စွပ်စွဲမှုများကို ဝန်ကြီးချုပ် အန်ဝါက ငြင်းဆိုထားပြီး စုံစမ်းစစ်ဆေးမှုများမှာ အဆင့်မြင့် အရာရှိများ အကျင့်ပျက်ခြစားမှုကို ကိုင်တွယ်ဖြေရှင်းရန် အစိုးရ၏ ကြိုးပမ်းအားထုတ်မှုများ၏ အစိတ်အပိုင်းဖြစ်ကြောင်း ပြောထားသည်။

သတင်းအဖွဲ့အစည်းများ အုပ်စုတစ်ခုက ဖော်ထုတ်လိုက်သော မဟာသီယာ၏ သားများဖြစ်ကြသည့် စီးပွားရေးလုပ်ငန်းရှင် Mirzan နှင့် Mokhzani တို့၏ နိုင်ငံရပ်ခြား ငွေကြေးနှင့် စီးပွားရေး မှတ်တမ်းများကို စုံစမ်းစစ်ဆေးမှု အစိတ်အပိုင်းအဖြစ် ၎င်းတို့၏ ချမ်းသာကြွယ်ဝမှုကို ကြေညာရန် MACC က ၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း အကြောင်းကြားစာထုတ်ခဲ့သည်။

မဟာသီယာ သို့မဟုတ် ၎င်း၏သားများ ရင်ဆိုင်နေရသည့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုများနှင့် ပတ်သက်၍ MACC အကြီးအကဲ Azam Baki က အသေးစိတ် ထုတ်ဖော်ပြောရန်  ငြင်းဆိုခဲ့သည်။ 

"အမှုရဲ့ တွေ့ရှိချက်တွေကို ကျွန်တော်တို့ ပြောပြနိုင်တဲ့ သင့်တော်တဲ့ အချိန်တစ်ခုအထိ စုံစမ်းစစ်ဆေးမှု အရင် အပြီးသတ်ပါစေအုံး" ဟု ၎င်းက သတင်းထောက်များကို ၂၀၂၄ ခုနှစ် ဧပြီလ (၂၅) ရက်နေ့တွင် ပြောခဲ့သည်။

ဝန်ကြီးချုပ်ဟောင်း မဟာသီယာကမူ ၎င်း၏သားများကို စုံစမ်းစစ်ဆေးမှုအပေါ် နိုင်ငံရေးအရ လုပ်ဆောင်မှုအဖြစ် ယခင်က ပြောဆိုထားသည်။ 

၁၉၈၁ ခုနှစ်မှစ၍ မလေးရှားဝန်ကြီးချုပ်အဖြစ် (၂) ကြိမ် တာဝန်ယူခဲ့သည့် မဟာသီယာက တစ်ချိန်က ၎င်း၏ တပည့်ရင်းဖြစ်ခဲ့သူ အန်ဝါ( လက်ရှိ ဝန်ကြီးချုပ်  )ကို အကျဥ်းချထားခဲ့သည်။

အန်ဝါမှာ မလေးရှားနိုင်ငံရေးကို ဆယ်စုနှစ်များစွာ လွှမ်းမိုးထားသူ ဖြစ်သည်။

 နှစ်ပေါင်း (၂၀) ကျော်ကြာ အတိုက်အခံ ခေါင်းဆောင်အဖြစ် ရပ်တည်လာခဲ့ပြီးနောက် ၂၀၂၂ ခုနှစ်တွင် အန်ဝါက မလေးရှားဝန်ကြီးချုပ် ဖြစ်လာခဲ့ပြီး အဂတိလိုက်စားမှုကို တိုက်ဖျက်သွားမည်ဖြစ်ပြီး စီးပွားရေးကို အာရုံစိုက်မည်ဟု ကတိပြုထားသည်။

သို့သော် ၎င်း၏ ညွန့်ပေါင်းအဖွဲ့နှင့် ဆက်စပ်သူများ ပါဝင်ပတ်သက်သည့် အဂတိလိုက်စားမှုများ တသီတသန်းကို ပလပ်ခဲ့ပြီးနောက် ပြုပြင်ပြောင်းလဲရန် ၎င်း၏ ကတိကဝတ်များအပေါ် မေးခွန်းထုတ်မှုများကို ဝန်ကြီချုပ် အန်ဝါ ရင်ဆိုင်နေခဲ့ရသည်။ 

၎င်းအနေဖြင့် တရားရုံးကိစ္စများတွင် ဝင်ရောက်စွက်ဖက်ခြင်း မရှိကြောင်း ဝန်ကြီးချုပ် အန်ဝါက အကြိမ်ကြိမ် ပြောထားသည်။

 

Source: Reuters