လားရှိုးမြို့ နမ့်လောင်းကျေးရွာအနီးရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ရာက တိုက်ပွဲပြင်းထန်

လားရှိုးမြို့ နမ့်လောင်းကျေးရွာအနီးရှိ TNLA တပ်စခန်းကို စစ်ကောင်စီတပ် လေကြောင်းမှ တိုက်ခိုက်ရာက တိုက်ပွဲပြင်းထန်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ မိုင်းယော်တိုက်နယ်၊ နမ့်လောင်းကျေးရွာအနီးရှိ TNLA၏ တပ်စခန်းကို ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၁၀)ရက်နေ့ နေ့လည်းပိုင်းတွင် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်ပြီးနောက် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း TNLA က သတင်းထုတ်ပြန်ထားသည်။

နေ့လယ်(၂)နာရီဝန်းကျင်တွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) တပ်စခန်းအား စစ်ကောင်စီတပ်က MI-35 တိုက်ခိုက်ရေးရဟတ်ယာဥ်ဖြင့် လာရောက်ပစ်ခတ်ခဲ့ပြီး နေ့လယ် (၂)နာရီခွဲဝန်းကျင်တွင် စစ်ကောင်စီတပ် ခမရ (၁၆)၊ ခလရ(၆၈)နှင့် TNLAတို့ ညနေ(၆)နာရီအထိ တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယမန်နေ့ သြဂုတ်လ (၉)နေ့တွင်လည်း နေ့လည်(၁)နာရီခွဲဝန်းကျင်မှ ညနေ(၅)နာရီအချိန်ထိ TNLAနှင့် စစ်ကောင်စီတပ် ခမရ(၁၆)၊ ခလရ (၆၈)တို့ တိုက်ပွဲပြင်းထန်ခဲ့သေးသည်ဟု ဆိုသည်။ 

စစ်ကောင်စီတပ်နှင့် TNLAတပ်ဖွဲ့တို့အကြား ပြီးခဲ့သည့် ဇူလိုင်လ (၂၃)ရက်နေ့မှစတင်ကာ သြဂုတ်လ (၁၀)ရက်နေ့အထိ တိုက်ပွဲ(၁၁)ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၂၅)ဦးအထိ သေဆုံးခဲ့သည်ဟု TNLA၏ ထုတ်ပြန်ဖော်ပြချက်အရ သိရသည်။

#TachileikNewsAgency