တနင်္သာရီတိုင်းအတွင်း ငွေကျပ်နှစ်သောင်းတန်များ လက်ဝယ်တွေ့ရှိပါက အရေးယူမည်

တနင်္သာရီတိုင်းအတွင်း ငွေကျပ်နှစ်သောင်းတန်များ လက်ဝယ်တွေ့ရှိပါက အရေးယူမည်

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီက ထုတ်ဝေသည့် ငွေကျပ်နှစ်သောင်းတန်များ လက်ဝယ်ကိုင်ဆောင်ထားကြောင်း စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း တနင်္သာရီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယနေ့ ၂၀၂၃ခုနှစ် ဩဂုတ်လ (၆)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

စစ်ကောင်စီ၏ လက်အောင်ခံ ဗဟိုဘဏ်မှ ထုတ်ဝေသည့် ငွေကျပ်နှစ်သောင်းတန် ငွေစက္ကူအား အသိအမှတ်ပြုမည်မဟုတ်ကြောင်းနှင့် လက်ဝယ်ကိုင်ဆောင်ထားကြောင်း စစ်ဆေးတွေ့ရှိပါက အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်ထားခြင်းဖြစ်သည်။

စစ်ကောင်စီသည် ၎င်းတို့သက်ဆိုးရှည်စေရန်နှင့် ပြည်သူလူထုအပေါ် ရက်စက်စွာဆင်နွှဲလျှက်ရှိသည့် အကြမ်းဖက်မှုများ ဆက်လက်ကျူးလွန်ရန် လိုအပ်နေသညိ့ ဘဏ္ဌာရန်ပုံငွေကို အရေးပေါ်ဖြည့်တင်းနိုင်ရန်အတွက် ဆောင်ရွက်မှုသာဖြစ်သည်ဟု ဆိုသည်။

ယင်းသို့ ငွေစက္ကူအမျိုးအစားသစ်များကို ရိုက်နှိပ်ထုတ်ဝေခြင်းသည် တရားဝင်မှုမရှိသည့်အပြင် ပြည်သူလူထုအနေဖြင့် လက်ခံနိုင်ဖွယ်မရှိသော လုပ်ရပ်ဖြစ်သည်ဟုလည်း ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီထုတ်ဝေသည့် ငွေကျပ်နှစ်သောင်းတန်များအား မြိတ်-ထားဝယ်လမ်းမကြီးတွင်ဖြစ်စေ၊ ရပ်ရွာများတွင်ဖြစ်စေ  ပြည်သူ့ကာကွယ်ရေးတပ်များက စစ်ဆေးသွားမည်ဖြစ်သဖြင့် လက်ဝယ်ကိုင်ဆောင်ခြင်း၊ အသုံးပြုခြင်းများမပြုလုပ်ကြရန်၊ တွေ့ရှိပါက သိမ်းဆည်းကာ အပြစ်ပေး အရေးယူသွားမည်ဟု သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဩဂုတ်လ (၄)ရက်နေ့က သတင်းထုတ်ပြန်ထားသေးသည်။

#TachileikNewsAgency