ရေကြည်နှင့် အသုတ်မြို့တို့မှ CDM ကျောင်းဆရာတစ်ဦးအပါ ၅ ဦးကို ထောင် ၄နှစ် မတရားအမိန့်ချ

ရေကြည်နှင့် အသုတ်မြို့တို့မှ CDM ကျောင်းဆရာတစ်ဦးအပါ ၅ ဦးကို ထောင် ၄နှစ် မတရားအမိန့်ချ
ဇန်နဝါရီ 21, 2024 | 2021 Military Coup| အခြားဒေသများ

ဧရာဝတီတိုင်း ရေကြည်မြို့၊ အသုတ်မြို့တို့မှ CDM ကျောင်းဆရာတစ်ဦးအပါ (၅)ဦးကို စစ်ကောင်စီက ယမန်နေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် ထောင်(၄)နှစ် မတရားအမိန့်ချလိုက်ကြောင်း သိရသည်။

CDM ကျောင်းဆရာတစ်ဦးအပါ NLD ပါတီဝင် (နေအိမ်တွင် ရပ်ကျေးရုံးဖွင့်ထားသူ)နှင့် ဒေသခံ (၃)ဦးတို့ကို စစ်ကောင်စီ၏ ကျုံပျော်ခရိုင် တရားရုံးမှ ထောင်(၄)နှစ် ချလိုက်ခြင်းဖြစ်သည်ဟု သိရသည်။

"သူတို့ကို ဖမ်းတာက (၄)လလောက်ရှိပြီ။ သူတို့ရဲ့ နေအိမ်(၅)လုံးကိုလည်း ဖမ်းပြီးသိပ်မကြာဘူး ချိတ်ပိတ်လိုက်တယ်။"ဟု ၎င်းတို့နှင့်နီးစပ်သူတစ်ဦးက Tachileik News Agency ကိုပြောသည်။

ထောင်ချခံရသူများမှာ ဇေထက်ပိုင် (ခ)ပိုင်လေး၊ ကျော်လင်းစိုး (ခ)ကျော်လင်း၊ နေလင်းထွန်း (CDM ကျောင်းဆရာ)၊ စိုးမင်းထွန်း နှင့်

ဦးထွန်းဝင်းတို့ဖြစ်ပြီး ပုဒ်မ ၅၂(က)ဖြင့် ထောင်ချလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ချက်အရ အာဏာသိမ်းသည့်နေ့မှ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၉)ရက်နေ့အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့၏ လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေစီရေးလှုပ်ရှားသူများနှင့် ပြည်သူ စုစုပေါင်းမှာ (၄,၃၉၉)ဦး ရှိခဲ့ပြီး အတည်ပြုရန်လိုအပ်နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၇၅၀) ဝန်းကျင်၏ စာရင်းကိုလည်း သီးခြားပြုစုထားသည်ဟု သိရသည်။

ထို့အပြင် ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၅,၈၄၄)ဦးရှိပြီး ထိုအထဲမှ (၁၉,၉၄၂)ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၈,၅၂၇)ဦးမှာ ထောင်ဒဏ်ချမှတ်ခြင်းခံထားရသည်ဟု ထုတ်ပြန်ထားသည်။

#TachileikNewsAgency