ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာများတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ရွာစဉ်ပတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ(၁၃)ရွာမှ ဒေသခံများ ထွက်ပြေးနေရ

Photo:  ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်
Photo:  ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ -ကန့်ဘလူခရိုင်
ကန့်ဘလူမြို့နယ်အတွင်း ကျေးရွာများတွင် အကြမ်းဖက် စစ်ကောင်စီတပ်က ရွာစဉ်ပတ်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီး၊ ကျေးရွာ(၁၃)ရွာမှ ဒေသခံများ ထွက်ပြေးနေရ

 စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် အာဏာသိမ်း အကြမ်းဖက် စစ်ကောင်စီတပ်က ရွာစဉ်ပတ်၍ မီးရှို့နေ၍ ကျေးရွာ(၁၃)ရွာမှ အပြစ်မဲ့ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။ 

ကန့်ဘလူမြို့နယ်အတွင်း တရော်ကိုင်းကျေးရွာအား စစ်ကောင်စီတပ်၏ ခြေမြန်တပ်ရင်း (၃၆၁) နှင့် တပ်မ  (၈၈) လက်အောက်ခံ တပ်ဖွဲ့များက ၂၀၂၃ခုနှစ် ဧပြီလ(၂၈)ရက်နေ့၏ နေ့လည်(၂)နာရီခွဲဝန်းကျင်အချိန်က  မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကာ ယင်းစစ်ကြောင်းနှစ်ကြောင်းသည် ယမန်နေ့ကလည်း ကန့်ဘလူခရိုင်၊ မလည်တိုက်နယ်အတွင်းရှိ စကျင်ကျေးရွာအား လက်နက်ကြီးဖြင့် ပစ်ခတ်ကာ ဝင်ရောက်စီးနင်းပြီးနောက် ဒေသခံ(၁၀)ဦးထက်မနည်းကိုလည်း လူသားတံတိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားသည်ဟု   ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့ (ကန့်ဘလူခရိုင်) သတင်းထုတ်ပြန်ချက်များအရ သိရသည်။ 

ယခု မီးရှို့ခံရသည့် တရော်ကိုင်းရွာသည် ဖေဖော်ဝါရီလ(၂၀)ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့များ ပစ်ခတ်သည့် လက်နက်ကြီးကျခဲ့ကာ အပြစ်မဲ့ ပြည်သူပိုင် နေအိမ်နှစ်လုံး ပျက်စီး ဆုံးရှုံးထားဖူးကာ ယခုတစ်ကြိမ် မီးရှို့ခံရမှုတွင် နေအိမ်မည်မျှ ပျက်စီးဆုံးရှုံးမှု အခြေအနေကို စုံစမ်းနေဆဲ ဖြစ်သည်ဟု သိရသည်။



စစ်ကောင်စီတပ်၏ စစ်ကြောင်းများက ဧပြီလ(၂၂)ရက်နေ့မှစ၍ ကန့်ဘလူခရိုင်အတွင်းရှိ ကျေးရွာများအား စီးနင်းမီးရှို့မှုများ ပြုလုပ်နေရာ ဧပြီလ( ၂၂)ရက်နေ့၏  နံနက်(၁၁)နာရီဝန်းကျင်တွင် လေးတွင်းစဉ်ရွာအား မီးရှို့ဖျက်ဆီးခဲ့ရာ အပြစ်မဲ့ပြည်သူပိုင်နေအိမ် (၆၈)လုံးနှင့် ရပ်ရွာသာရေးနာရေးဘုံပစ္စည်းထားသည့် အဆောက်အဦးနှင့် ကျေးလက်ကျန်းမာရေး ဆေးခန်းတစ်ခုပါ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ရသည်။ 

ပဇီကြီးကျေးရွာကိုလည်း ဧပြီလ(၂၀)ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်မည်မျှ ပျက်စီးဆုံးရှုံးရသည်ကို စုံစမ်းနေဆဲ ဖြစ်သည်ဟု ဆိုသည်။ 



ထိုပြင် ဧပြီလ(၂၅)ရက်နေ့မှ ဧပြီလ(၂၆)ရက်နေ့တို့တွင် မီးရှို့ဖျက်ဆီးခံရမှုကြောင့် ချောင်းသာရွာတွင် နေအိမ် (၂၆)လုံး နှင့် မြေမွန်ရွာတွင် နေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးခဲ့ရကြောင်း သိရသည်။

နေအိမ်(၄)လုံး မီးလောင်ဆုံးရှုံးခဲ့ရသည့် မြေမွန်ရွာသည် ၂၀၂၃ခုနှစ် ဖေဖော်ဝါရီလ(၁၉)ရက်နေ့က မီးရှို့ဖျက်ဆီးခံရမှုကြောင့် နေအိမ်(၂၁၈)လုံး မီးလောင်ပြကျခဲ့ရသည့် ကျေးရွာဖြစ်သည်။



ခြေမြန်တပ်ရင်း (၃၆၁) နှင့် တပ်မ  (၈၈) လက်အောက်ခံ တပ်ဖွဲ့များမှာ စစ်ကြောင်းနှစ်ကြောင်းဖြင့် ကန့်ဘလူခရိုင်အတွင်း ကျေးရွာများအား ၂၀၂၃ခုနှစ် ဧပြီလ (၁၉)ရက်နေ့မှစ၍ ယနေ့ ဧပြီလ(၂၈)ရက်နေ့အထိ ရွာစဉ်လှည့်လည်ကာ တိုက်ခိုက်၊ မီးရှို့ဖျက်ဆီးလျက်ရှိရာ ပဇီကြီး၊ လေးတွင်းစဉ်၊ ထန်းတော၊ မယ်ဇတော၊ ချောင်းရှည်၊ ချောင်းသာ၊ မေတ္တာမွန်၊ မြေမွန်၊ စကျင်၊ တရော်ကိုင်း၊ ရေရှင်၊ ဘူးကုန်းနှင့် ရွှေပြည်လင်း စသည့် ကျေးရွာ(၁၃ )ရွာမှ အပြစ်မဲ့ပြည်သူ (၁၀,၀၀၀)ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်ဟု သိရသည်။