MNDAA တပ်စွဲထားသည့်နေရာကို စစ်ကောင်စီတပ်ထိုးစစ်ဆင် တိုက်ခိုက်၊ တရုတ်နိုင်ငံ၏ကူညီမှုကို အလေးမထား စော်ကားလိုက်ခြင်းဖြစ်ဟု ညီနောင်မဟာမိတ်များထုတ်ပြန်

MNDAA တပ်စွဲထားသည့်နေရာကို စစ်ကောင်စီတပ်ထိုးစစ်ဆင် တိုက်ခိုက်၊ တရုတ်နိုင်ငံ၏ကူညီမှုကို အလေးမထား စော်ကားလိုက်ခြင်းဖြစ်ဟု ညီနောင်မဟာမိတ်များထုတ်ပြန်
ဇန်နဝါရီ 24, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသရှိ MNDAA တပ်စွဲထားသည့်နေရာကို စစ်ကောင်စီတပ်က ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၂၄)ရက်နေ့ နေ့လယ်ပိုင်းက အပစ်ရပ်စာချုပ်ကိုချိုးဖောက်ကာ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကြောင်း ညီနောင်မဟာမိတ်တပ်များထံမှ သိရသည်။

စစ်ကောင်စီ၏ ဗျူဟာ (၄၈)မှ တပ်ဖွဲ့ဝင်အင်အား (၃၀)ကျော်ဝန်းကျင်သည် MNDAAအခြေစိုက်တပ်စွဲထားသည့် ကိုးကန့်အထူးဒေသ (၁)၊ မူပန်ခရိုင်အတွင်းသို့ စစ်ကြောင်းနှစ်ကြောင်းဖြင့် ရှောင်တခင်ဝင်ရောက်ကာ အလစ်အငိုက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ MNDAAမှ ရဲဘော်တစ်ဦးကျဆုံးခဲ့သည်ဟု သိရသည်။

ညီနောင်မဟာမိတ်တပ်များက ဟိုင်ဂင်သဘောတူညီမှုအား လိုက်နာသည်ကို အခွင့်ကောင်းယူ၍ စစ်ကောင်စီဖက်မှ ဗြောင်ကျကျ ချိုးဖောက်၍ တိုက်ခိုက်သည်မှာ ဟိုင်ဂင်သဘောတူညီမှုကို အလေးမထားရာရောက်သည့်အပြင် ကြားဝင်ဆောင်ရွက်ပေးသည့် တရုတ်နိုင်ငံ၏ကူညီမှုကို အလေးမထားစော်ကားလိုက်ခြင်းဖြစ်သည်လည်း ထုတ်ပြန်သည်။

၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၁၆)ရက်နေ့ကလည်း စစ်ကောင်စီသည် ဟိုင်ဂင်သဘောတူညီမှုအား ပထမအကြိမ်ချိုးဖောက်ခဲ့ပြီးဖြစ်သောကြောင့် ဒုတိယအကြိမ် ထပ်မံချိုးဖောက်လာခြင်းဖြစ်သည်ဟုလည်း ဆိုသည်။

ရှမ်းမြောက်ရှိ ညီနောင်မဟာမိတ်တပ်များ လှုပ်ရှားရာနယ်မြေများနှင့် သတ်မှတ်ထားသော ရန်သူ့ပစ်မှတ်နေရာများ၌ စစ်ကောင်စီတပ်စခန်းများအား စတင်ထိုးစစ်ဆင်ခြင်း မရှိသော်လည်း တအာင်းနှင့် ကိုးကန့်ဒေသတွင် စစ်ကောင်စီတပ်၏ မထီမဲ့မြင်ရန်စမှုများမှာ ဆက်လက်ရှိနေသည်ဟု ထုတ်ပြန်ထားသည်။

မလွှဲမရှောင်သာသည့် အခြေအနေတစ်ခုအောက်တွင် ပစ်ခတ်တိုက်ခိုက်မှု ယာယီရပ်စဲထားသော ရှမ်းမြောက်ဒေသ၌ ညီနောင်မဟာမိတ်(၃) ဖွဲ့တို့သည် ကိုယ်ပိုင်နယ်မြေများ၌ အုပ်ချုပ်ရေးယန္တရားများ အစားထိုးလည်ပတ်နိုင်ရေးအတွက် လူ့အရင်းအမြစ်များဖြင့် အကောင်းဆုံး ကြိုးစားနေသည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency