ရေးမြို့နယ် မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကြိုးတံတားဂိတ်စခန်းကို တော်လှန်ရေးတပ်များသိမ်း

ရေးမြို့နယ် မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကြိုးတံတားဂိတ်စခန်းကို တော်လှန်ရေးတပ်များသိမ်း
ဇန်နဝါရီ 20, 2024 | 2021 Military Coup| အခြားဒေသများ

မွန်ပြည်နယ် ရေးမြို့နယ်၊ မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီ၏ ကြိုးတံတားဂိတ်စခန်းကို ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၀)ရက်နေ့တွင် တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ကာ မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။

မော့ကနင်ကျေးရွာအနီးရှိ စစ်ကောင်စီလက်အောက်ခံ ကြိုးတံတားဂိတ်စခန်းကို ယနေ့နံနက်ပိုင်းတွင် မွန်ပြည်တော်လှန်ရေးတပ်(MSRF) ၊ ဒေါနစစ်ကြောင်း၊ ရေးပြောက်ကျားတပ် (YGF)၊ ABSDF တပ်ရင်း (၁)၊ မွန်ပြည်တော်လှန်ရေးအဖွဲ့အစည်း (MSRO)၊ Ye Defence Force (YDF)နှင့် ရေးသိမ်းငှက်တပ်ဖွဲ့တို့မှ ပူးပေါင်းတိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲကြာမြင့်ချိန်မှာ (၁)နာရီကျော်ခန့်ရှိပြီး စစ်ကောင်စီတပ်သား (၁၀)ဦးထက်မနည်းသေကာ ဒဏ်ရာနှင့် ထွက်ပြေးသွားသူများလည်း ရှိသည်ဟု သိရသည်။

စခန်းချထားသည့် ကြိုးတံတားဂိတ်စခန်းနှင့် ခမရ-၅၈၈ တို့ကို လက်နက်ကြီးဖြင့် ပစ်ကူပေးခဲ့ပြီး  ခမရ-၅၈၈နှင့် ခမရ-၃၄၃ တို့မှလည်း လက်နက်ကြီးဖြင့် အကြိမ်(၄၀)ထက်မနည်း ပစ်ခတ်ခဲ့သည်ဟု သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ (၆၀)မမ လက်နက်ကြီးပြောင်းရှည်တစ်လက်၊ (၆၀)မမ စိန်ပြောင်း တစ်လက်၊ MA-1 တစ်လက် ၊ M16 A1 တစ်လက်၊ AK-47 တစ်လက်၊ ၄၀ မမ ဗုံးသီး (၈)လုံး၊ ပေါက်ကြိုး (၉)ခွေ၊ 5.56ကျည်ဘောက် (၅)ခု၊ Ak ကျည်ဘောက် တစ်ခု၊ MA ကျည်ဘောက် (၆)ခု၊ RPG ဗုံးသီး (၅)လုံး၊ အီနာဂါ (၂)လုံး၊ မီးကျည် တစ်လုံး၊ မိုင်းပစ္စည်းများ၊  လက်ပစ်ဗုံး(၁၂)လုံး၊ 380 ကျည် (၅)တောင့် ၊ မှတ်ပုံတင် ၅ခု ၊ ဖုန်းတစ်လုံး ၊ လက်နက်ငယ်ကျည် အမြောက်အများနှင့် မော်တော်ဆိုင်ကယ် (၂)စီးတို့ကို သိမ်းဆည်းရရှိခဲ့သည်ဟု သိရသည်။

ကြိုးတံတားဂိတ်စခန်းကို သိမ်းပိုက်မီးရှို့ပြီးနောက် တော်လှန်ရေးမဟာမိတ်တပ်ဖွဲ့များ ပြန်ဆုတ်နိုင်ခဲ့ပြီး ရဲဘော်(၄)ဦး(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

#TachileikNewsAgency

Photo:Mon State Revolutionary Force - MSRF