ကျောက်မဲမြို့ရှိ ဘဏ်များတွင် လူစုလူဝေး မဖြစ်စေရန် ဘဏ်တာဝန်ရှိသူများကို ထပ်မံညွှန်ကြားထား

ကျောက်မဲမြို့ရှိ ဘဏ်များတွင် လူစုလူဝေး မဖြစ်စေရန် ဘဏ်တာဝန်ရှိသူများကို ထပ်မံညွှန်ကြားထား
မေ 5, 2020
By Tachileik News Agency
ကျောက်မဲမြို့ရှိ ဘဏ်များတွင် လူစုလူဝေး မဖြစ်စေရန် ဘဏ်တာဝန်ရှိသူများကို ထပ်မံညွှန်ကြားထား

Covid-19 ကာကွယ် တားဆီးနေသည့် ကာလအတွင်း ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့ရှိ ဘဏ်များတွင် လူစုလူဝေး မဖြစ်စေရန် စီမံထားနိုင်ခြင်းမရှိသဖြင့် ဘဏ်တာဝန်ရှိသူများအနေဖြင့် ထိန်းသိမ်းကြပ်မတ်ရန် ထပ်မံညွှန်ကြားထားကြောင်း သိရသည်။

“ဒီရက်ပိုင်းမှာ ဘဏ်တွေရဲ့ရှေ့ လူစုလူဝေး ဖြစ်ပေါ်နေတာတွေ တွေ့ရှိနေရတဲ့အတွက် ဘဏ်ရှေ့မှာ စောင့်ဆိုင်းနေသူတွေကို တုံကင်စနစ်နဲ့ လုပ်ဆောင်ပေးဖို့၊ ဘဏ်ရှေ့မှာ ဘဏ်ရဲ့ပြန်ကြားရေးတာဝန်ခံထားပြီး လူစုလူဝေး မဖြစ်ပေါ်အောင် ကြပ်မတ်ပေးဖို့  တလောကပဲ ထပ်ပြီးညွှန်ကြားထားပါတယ်။ လူစုလူဝေးမဖြစ်ပေါ်အောင် ကြပ်မတ်ပေးဖို့ ရဲတပ်ဖွဲ့ဝင်တွေကိုလည်း ဘဏ်တွေရဲ့ရှေ့မှာ စောင့်ကြပ်ထားစေပါတယ်” ဟု မြို့နယ် Covid-19 ကူးစက်ရောဂါ တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီ ဥက္ကဌ ဖြစ်သူ ကျောက်မဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

Covid-19 တားဆီးကာကွယ်နေသည့် ကာလအတွင်း ဘဏ်များတွင် လူစုလူဝေးမဖြစ်ပေါ်စေရေးအတွက် ကျောက်မဲမြို့ပေါ်ရှိ ဘဏ်များမှ ဘဏ်တာဝန်ရှိသူများအား Covid-19 တားဆီး၊ ကာကွယ်၊ ထိန်းချုပ်ရေး ကော်မတီက ညွှန်ကြားထားပြီး ဖြစ်သည်ဟု သိရသည်။

“ဘဏ်ထဲကိုတော့ ကာစတန်မာ (၃) ဦးစီပဲ အလှည့်ကျပေးဝင်တယ်ဆိုပေမဲ့ ဘဏ်အပြင်မှာကျတော့ စနစ် တကျ နေရာ မရှိဘဲ လူစုလူဝေးဖြစ်နေတယ်။ ဘဏ်ကို လာကြသူတွေကလည်း Mask မတပ်ကြတာတွေ တပ်လာသူတွေလည်း စနစ်တကျမရှိတာတွေ မြင်နေရတယ်။ လက်ဆေးကန် ထားပေးထားကြပေမဲ့ လူတွေက တစ်ဦးနဲ့တစ်ဦး ထိတဲ့အထိ ကြပ်ညှပ်နေတာဆိုတော့ ရောဂါကာကွယ်ရေး အားနည်းနေတယ်လို့ ထင်တယ်” ဟု ကျောက်မဲရှိ ပုဂ္ဂလိက ဘဏ်တစ်ခုတွင် ငွေလွှဲထုတ်ယူခဲ့သည့် အမျိုးသမီးတစ်ဦးက မေလ (၅) ရက်တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ဘဏ်များသို့ သွားရောက်ခြင်း အပါအဝင် မဖြစ်မနေ အပြင်ထွက်ရမည်ဆိုပါက နှာခေါင်းစည်း/ Mask အား စနစ်တကျ တပ်ဆင်ရန်၊ တစ်ခါသုံး Mask အား ထပ်ခါထပ်ခါ အသုံးမပြုရန်၊ ထပ်ခါထပ်ခါ အသုံးပြုလိုပါက အဝတ် Mask အား နေ့စဉ်လျှော်ဖွတ်ပြီးမှ အသုံးပြုရန်၊ နှာစေး ချောင်းဆိုးဖြစ်ပါက အုပ်ထားရန်နှင့် မိမိပတ်ဝန်းကျင်တွင် နေမကောင်းသည့် သံသယရှိပါက ကျန်းမာရေးဌာနများသို့ အကြောင်းကြားပေးရန် အတွက် ကျောက်မဲခရိုင် ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှ တာဝန်ရှိသူက အကြံပြုထားသည်။

Tachileik News Agency
သတင်း -  နေဖြိုးမြင့်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~