အုတ်ဖိုမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော စစ်ရေးဂိတ်ကို တော်လှန်ရေးတပ်များဝင်တိုက်၊ စစ်ကောင်စီတပ်က ပစ်ကူပေးသည့် လက်နက်ကြီးကျည် ဘုန်းကြီးကျောင်းအတွင်းကျကာ သိမ်နှင့် ဆွမ်းစားဆောင်ပျက်စီး

အုတ်ဖိုမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲထားသော စစ်ရေးဂိတ်ကို တော်လှန်ရေးတပ်များဝင်တိုက်၊ စစ်ကောင်စီတပ်က ပစ်ကူပေးသည့် လက်နက်ကြီးကျည် ဘုန်းကြီးကျောင်းအတွင်းကျကာ သိမ်နှင့် ဆွမ်းစားဆောင်ပျက်စီး

ပဲခူးတိုင်း၊ အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာနှင့် ကြယ်နီကုန်းကျေးရွာကြားရှိ စစ်ကောင်စီတပ်စွဲထားသော ဗိုလ်ရုံစုစစ်ဆေးရေးဂိတ်ကို ယမန်နေ့ ၂၀၂၄ခုနှစ် မတ်လ(၂၇)ရက်နေ့တွင် သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂) တပ်ခွဲ(၄) မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို၏ ဘီလူးစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အင်အား(၃၀)ကျော်ဖြင့် အခိုင်အမာတပ်ဆွဲထားသည့် ဗိုလ်ရုံစုစစ်ဆေးရေးဂိတ်အား သာယာဝတီခရိုင် တပ်ရင်း (၃၈၀၂) တပ်ခွဲ(၄)မြေအောက်ပြောက်ကျားတပ်ဖွဲ-အုတ်ဖို၏ ဘီလူးစစ်ကြောင်းမှ လက်နက်ကြီး လက်နက်ငယ် များဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း (79)ဗုံးသီး (၂)လုံးနှင့် လက်လုပ် (၄၀)မမ ဗုံးသီး (၄)လုံးတို့မှာ ဂိတ်စခန်း ဘန်ကာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ကင်းတာဝန်ကျစစ်ကောင်စီတပ်သား(၂)ဦးကိုလည်း အနီးကပ် ပစ်ခတ်ရှင်းလင်းနိုင်ခဲ့သည်ဟု ဆိုသည်။

ပစ်ခတ်မှုမှာ မိနစ်(၃၀)ကျော်ကြာမြင့်ခဲ့ပြီး စစ်ကောင်စီတပ်များ အထိနာသဖြင့် ခမရ (၆)တိမ်မြုပ်တပ်မှ လက်နက်ကြီး ပစ်ကူပေးပြီး စစ်ကူများ ရောက်ရှိလာသောကြောင့် တော်လှန်ရေးတပ်ဖွဲ့ ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟု သိရသည်။ 

ဗိုလ်ရုံစုစစ်ဆေးရေးဂိတ် တိုက်ခိုက်မှုတွင် တော်လှန်ရေးတပ်ဘက်က ရဲဘော်(၄)ဦး ဒဏ်ရာရရှိခဲ့ပြီး စစ်ကောင်စီတပ်ဘက်က (၁၀)ဦး သေဆုံးသည်ဟု ထုတ်ပြန်ထားသော်လည်း စစ်ကောင်စီတပ်သား သေဆုံးမှုစာရင်းကို Tachileik News Agencyအနေဖြင့် အတည်မပြုနိုင်သေးပါ။

ခမရ(၆)တိမ်မြုပ်တပ်မှ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ထန်းပင်ကုန်းကျေးရွာ အနောက်ကုန်းဘုန်းကြီးကျောင်းဝန်းရှိ သိမ်နှင့် ဆွမ်းစားဆောင်ကိုကျရောက်ကာ ပျက်စီးသွားကြောင်း သိရသည်။

#TachileikNewsAgency

Photo: သာယာဝတီခရိုင် တပ်ရင်း(၃၈၀၂)