တိုက်ပွဲဖြစ်မည်စိုးရိမ်သဖြင့် ဆီဆိုင်မြို့ခံများ မြို့လုံးကျွတ် တိမ်းရှောင်နေ၊ ညနေပိုင်းတွင် ဗုံးကြဲ 

တိုက်ပွဲဖြစ်မည်စိုးရိမ်သဖြင့် ဆီဆိုင်မြို့ခံများ မြို့လုံးကျွတ် တိမ်းရှောင်နေ၊ ညနေပိုင်းတွင် ဗုံးကြဲ 
ဇန်နဝါရီ 24, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့တွင် တိုက်ပွဲဖြစ်မည်စိုးရိမ်သဖြင့် ယနေ့ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၄)ရက်နေ့တွင် ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရာ မြို့လုံးကျွတ် တိတ်ဆိတ်နေကာ ညနေ(၄)နာရီကျော်တွင် ဆီဆိုင်တောင်ပိုင်း ပုံလောင်းဘက်ကို စစ်ကောင်စီက ဗုံးကြဲသွားကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် စစ်ကောင်စီတပ်ပူးပေါင်း PNOနှင့် PNLA တပ်များ၏ ပစ်ခတ်မှုဖြစ်ပြီးနောက် ဆီဆိုင်မြို့တွင်ဖြစ်ပေါ်နေသည့် စစ်ရေးအခြေအနေကြောင့် ဒေသခံများ တိမ်းရှောင်နေကြကြောင်း သိရသည်။

မြေပြင်အခြေအနေအရ လက်နက်သံမကြားရသေးသော်လည်း အိမ်ရှိ အဖိုးတန်ပစ္စည်းများသိမ်းဆည်းပြီး နေအိမ်ကို လုံခြုံစွာ သော့ခတ်ခဲ့ရန် လုံခြုံနိုင်မည့်တစ်နေရာသို့ ခဏရှောင်ပေးကြရန်၊ မှတ်ပုံတင်နှင့် အရေးကြီးစာရွက်စာတမ်းများ တစ်ပါတည်း ယူဆောင်ရန် ဒေသခံအချင်းချင်း တိုက်တွန်းနှိုးဆော်ထားသည်။

"မြို့မှာလူမရှိတော့ဘူး။ ရှောင်နေကြတယ်။ တိုက်ပွဲဖြစ်နိုင်တဲ့အခြေအနေမို့။ ခုနက လေယာဥ်လာဝဲနေတယ်။ ဈေးတွေလည်း အကုန်ပိတ်။ ဆီဆိုင်မြို့ကနေ ‌တောင်ဘက်နှစ်မိုင်လောက်သွားလိုက်ရင် အဲဒီမှာ တပ်အင်အားတွေ တိုးထားတာရှိနေတယ်။ မနေ့ကပစ်တယ်။ ညနေပိုင်း ပုံလောင်းဘက် တိုက်ပွဲမဖြစ်ဘဲ လေယာဉ်နဲ့ဗုံးကြဲသွားတယ်။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုများကို စစ်ကောင်စီတပ်၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီက PNLOထံ စာပေးပို့ထားပြီး PNLOဘက်ကလည်း အကြောင်းပြန်စာပေးပို့ရန် စီစဉ်နေသည်ဟု စစ်ရေးသတင်းအရင်းအမြစ်ထံမှ သိရသည်။

"စစ်ရေးအခြေအနေက တင်းမာတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် ဘယ်လိုပြောရမလဲ စစ်ကောင်စီဘက်ကတော့ စာပို့လာတယ်ပေါ့နော်။ ဒီဘက်ကလည်း စာပြန်ဖို့လုပ်နေတာပေါ့လေ။ မြေပြင်တပ်တွေကတော့ လုပ်ဆောင်မြဲ လုပ်ဆောင်နေတာပေါ့လေ။ အင်အားဖြည့်နေကြတာပေါ့။"ဟု စစ်ရေးသတင်းအရင်းအမြစ်က Tachileik News Agencyကိုပြောသည်။

စစ်ကောင်စီ၏ ငြိမ်း‌ချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဗိုလ်ချုပ်မင်းနိုင်က PNLOဘက်က NCAကို ချိုးဖောက်နေကြောင်း၊ စစ်ကောင်စီကို တော်လှန်နေသည့်တပ်များ လက်နက်ခဲယမ်းသယ်ဆောင်နေသည်ကို ပူးပေါင်းလုပ်ဆောင်ပေးသည်ဆိုသော စွပ်စွဲချက်များဖြင့် စာပေးပို့လာသည်ဟု ဆိုသည်။

ပြီးခဲ့သည့် ရက်ပိုင်းက လက်နက်သယ်လာသည့် PNLAတပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်နှင့် PNOပြည်သူ့စစ်များက တိုက်ခိုက်ပြီးနောက် လမ်းပိတ်ဆို့ထားသဖြင့် PNLA တပ်ဖွဲ့ဝင်များ ဌာနေသို့ ပြန်မရောက်နိုင်ဖြစ်နေသဖြင့် PNLAတပ်များက ရောက်ရှိလာခြင်းဖြစ်ကြောင်း သိရသည်။

"PNLO ဘက်က ဒီကနေ့ အဲဒီကိစ္စဆွေးနွေးတယ်။ ကောင်းကောင်းမွန်မွန်စာပြန်ပို့ဖို့။ မြေပြင်မှာတော့ ပြန်လာတဲ့ PNLAတပ်ဖွဲ့ဝင်တွေကို ပိတ်ဆို့ထားဆဲဆိုတော့ အခြေအနေက အဲဒီလို ဖြစ်နေတယ်။ စစ်ကောင်စီဘက်က လမ်းပိတ်ထားတော့။ ပိတ်မိနေတဲ့ ရဲဘော်တွေအတွက် ခေါ်လိုက်တဲ့ PNLA တပ်သားတွေကလည်း တက်လာတယ်။ လမ်းကလည်းပိတ်ထားတော့ အဲဒီမှာဘဲ နေလိုက်ရတဲ့လူတွေက တော်တော်များတယ်ပေါ့။ ရာကျော်တယ်။ အဲဒီမှာလှုပ်ရှားနေတဲ့တပ်ဖွဲ့ကလည်း ရာကျော်တယ်။ စစ်ကောင်စီဘက်က အမြင်ကတော့ တော်တော်ကိုများသွားတဲ့ပုံစံမျိုးပေါ့‌နော်။ အရှေ့ဘက် ဘုန်းကြီးတံတားအရှေ့ဘက်စခန်းမှာ ပေးမသွားဘူးလေ။ ပေးမသွားတော့ အဲဒီမှာ သောင်တင်နေတာပေါ့။ နောင်ထော်မှာပေါ့။ စစ်ကောင်စီဘက်ကလည်း လန့်သွားတာမျိုးဖြစ်နိုင်တယ်။ ဒီမှာတော့ လာဝိုင်းနေကြပြီ ဘာညာပေါ့။ ဒါပေမယ့် PLNAဘက်က မပစ်ပါဘူး။"ဟု ၎င်းက‌ ဆက်ပြောသည်။

ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ဆီဆိုင်မြို့နယ်၊ နောင်ထော်ကျေးရွာအတွင်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ကလေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

လက်ရှိတွင် PNLAတပ်သားများ ပြန်မဆုတ်သေးဘဲရှိနေပြီး ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် လက်နက်သယ်ဆောင်သော ကိစ္စဖြင့် ပိတ်မိနေသည့် တပ်သားများ ပြန်မရောက်သေးသဖြင့် ရှိနေခြင်းဖြစ်ကာ ပြန်မရောက်မချင်း ဆုတ်ခွာမည်မဟုတ်ဟုလည်း ဆိုသည်။

"ပိတ်မိနေတာ ထွက်လာရင်တော့ တိုက်ပွဲဖြစ်မှာပေါ့။ တိုက်ပွဲဖြစ်ရင် ရွာတွေကို သူတို့လာမီးရှို့မှာပေါ့။ ပြီးရင် PNLA မကောင်းဘူးလို့ပြောမှာပေါ့။ တဖြည်းဖြည်းချင်းတော့ PNLAတပ်တွေ ဆုတ်ခွာမှာပါ။ အခုက စစ်ကောင်စီဘက်က အခုပိတ်ဆို့ထားတာက ပအိုဝ့်ပြည်သူ့စစ်တွေပါလို့ စာထုတ်ပြီး ရန်တိုက်ပေးနေတဲ့သဘောပါပဲ။"ဟု ၎င်းကဆက်ပြောသည်။

ပြိးခဲ့သည့်ရက်ပိုင်းက ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ ၎င်းတို့သင်တန်းဆင်းရဲဘော်များအတွက်သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများကို စစ်ကောင်စီတပ်ကတောင်းရာ PNLAက မပေးသဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကာ PNLA ရဲဘော်တစ်ဦး ယနေ့အထိ ပျောက်ဆုံးနေသည်ဟု ဆိုသည်။

ဟိုပုန်းမြို့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့်ပတ်သက်၍ သွားရောက်ဆွေးနွေးခဲ့သည့် PNLO တောင်ကြီးဆက်ဆံရေးရုံးမှ အရာရှိ(၃)ဦးကိုလည်း စစ်ကောင်စီတပ်က ခြိမ်းခြောက် ညအိပ်ခိုင်းပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ပြန်လွှတ်‌ပေးခဲ့သည်။

PNLOသည် စစ်ကောင်စီနှင့် အပစ်ရပ်ရေးသဘောတူညီမှုစာချုပ် NCAကို လက်မှတ်ရေးထိုးထားသောအဖွဲ့ဖြစ်သည်။

#TachileikNewsAgency

Photo: CJ