မိုင်းပါးစခန်းရှိ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသဖြင့် TNLA စခန်းသိမ်းပိုက်ရရှိ

မိုင်းပါးစခန်းရှိ စစ်ကောင်စီတပ်သားများ ထွက်ပြေးသွားသဖြင့် TNLA စခန်းသိမ်းပိုက်ရရှိ
အောက်တိုဘာ 31, 2023 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးနှင့် သိန္နီမြို့နယ်ကြားရှိ စစ်ကောင်စီတပ်၏ မိုင်းပါးတပ်စခန်းကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားများ စခန်းလုံးကျွတ် ထွက်ပြေးသွားသဖြင့် စခန်းသိမ်းဆည်းရရှိခဲ့ကြောင်း TNLAထံမှ သိရသည်။

TNLAတပ်များက မိုင်းပါးတပ်စခန်းအား ယမန်နေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့ ညပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ညသန်းခေါင်ကျော်ချိန်တွင် စစ်ကောင်စီတပ်များ စခန်းလုံးကျွတ် ထွက်ပြေးသွားခဲ့သဖြင့် ယနေ့ နံနက် (၄)နာရီတွင် စခန်းအား ရှင်းလင်းသိမ်းပိုက်နိုင်ခဲ့ကြောင်း သိရသည်။

“မနေ့ညက ချဥ်းကပ်တိုက်ခိုက်ရင်း အကုန်ထွက်ပြေးလို့ ဝင်ရောက်သိမ်းပိုက်လိုက်တာ။ မနေ့ကပဲ တိုက်နေတဲ့ မိုင်ကျက်စခန်းကတော့ မရသေးဘူး။ အခုထိတိုက်နေတုန်းဘဲ။”ဟု ရှေ့တန်းရောက် TNLA ရဲဘော်တစ်ဦးက Tachileik News Agencyကိုပြောသည်။ 

 

လားရှိုးမြို့နယ်ရှိ စစ်ကောင်စီ၏ မိုင်ကျက်တပ်စခန်းကို TNLA တပ်များက ဆက်လက်တိုက်ခိုက်နေကာ 

စစ်ကောင်စီတပ်သည် မြေပြင်စစ်ကူ မပေးနိုင်သောကြောင့် တိုက်ပွဲဖြစ်ပွားရာသို့ လေကြောင်းသယ်ယူပို့ဆောင်ရေး လေယာဥ်အသုံးပြုကာ လက်နက်ခဲယမ်းနှင့် ရိက္ခာများ ချပေးနေရသည်ဟု TNLAထံမှ သိရသည်။

ထို့အပြင် တိုက်လေယာဉ်အပါအဝင် Mi-35 တိုက်ခိုက်ရေး ရဟတ်ယဥ်များဖြင့် တိုက်ပွဲဖြစ်ပွားရာသို့ ပစ်ခတ်တိုက်ခိုက်နေသည်ဟု သိရသည်။

သိန္နီမြို့နယ်ရှိ စစ်ကောင်စီတပ်ဖွဲ့၏ မိုင်းလီတပ်စခန်းကို အောက်တိုဘာလ (၂၉)ရက်နေ့တွင် တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီးနောက် လားရှိုးမြို့နယ်ရှိ မိုင်ကျက်တပ်စခန်းကို  ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်။

ထို့အပြင် ယနေ့တွင်လည်း ကျောက်မဲမြို့နယ်ဘက်တွင်လည်း စစ်ကောင်စီဘက်က ကျောက်မဲမှနေ၍ (၁၂၀)၊ (၁၀၅)မမ လက်နက်ကြီးများဖြင့် ယနေ့နံနက်ပိုင်းတွင် ပန်စံကျေးရွာဘက်သို့ ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။

#TachileikNewsAgency