ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သား ၈ ဦးအား သတ်ကာ ၂၁ ဦးကို ဖမ်းဆီးသွား

ဒီပဲယင်းမြို့နယ်တွင် စစ်ကောင်စီတပ်က အရပ်သား ၈ ဦးအား သတ်ကာ ၂၁ ဦးကို ဖမ်းဆီးသွား
အောက်တိုဘာ 30, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးဝင်ရောက်ကာ အရပ်သား (၈)ဦးအား သတ်ဖြတ်သွားပြီး (၂၁)ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒီပဲယင်းမြို့နယ် ညီနောင်များက ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၃၀)ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နယ်အတွင်း ပြီးခဲ့သည့် အောက်တိုဘာလ (၂၁)ရက်နေ့မှ (၂၈) ရက်နေ့အထိ သိမ္ဘာကျေးရွာနှင့် ရွာအနီးတွင် အရပ်သား ကိုအောင်နိုင် အသက်(၃၅)နှစ် နှင့် အခြား အမည်မသိသူ နှစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့ပြီး ကိုဇော်မျိုးအောင်(၃၄)နှစ်နှင့်  ဘုတ္ထန်းကျေးရွာတွင် အခြားတစ်ဦးကို သတ်ဖြတ်သွားကြောင်း သိရသည်။ 

ထို့အပြင် ဘုတ္ထန်းရွာမှ ဦးကြည်ဝင်းအား ထန်းပင်ပေါ်တွင် ပစ်သတ်သွားပြီး ရှမ်းတောကျေးရွာတွင်လည်း အရပ်သား (၂)ဦးအား သတ်ဖြတ်သွားကာ ပန်းပုရွာမှ ကိုငြိမ်းမင်းဦး (၃၉)နှစ် (ခေါင်းဖြတ်သတ်ခံရ)၊ ကံပြားကျေးရွာမှ ကိုကျန်ထွန်း (၄၃)နှစ်နှင့် မင်းတဲကုန်းကျေးရွာတွင် တစ်ဦးအား သတ်ဖြတ်သွားသည်ဟု သိရသည်။

မင်းတဲကုန်းရွာမှာ ဦးညိုဝင်း  အသက် (၆၀)နှစ်နှင့် ဒေါ်လှရှင် အသက်(၇၀)နှစ်တို့နှစ်ဦးကိုလည်း ဖမ်းဆီးကာ ဒေါ်လှရှင်၏ နားကပ်အား ချွတ်ယူ၍ ဦးညိုဝင်းအား ခေါင်းဖြတ်သတ်သွားကြောင်း သိရသည်။

 

စစ်ကောင်စီတပ်သည် ကျွန်းတော်ကြီးကျေးရွာမှ ကိုအောင်ဇင်၊ ကိုမင်းမင်း၊ ကိုကျော်ထွန်း၊ ကိုဆန်းဦး၊ ကိုဝင်းခိုင်၊ အုန်းတင်ရွာမှ ကိုနတ်စား၊ ကံပြားရွာမှ ကိုတရုတ်ကြီး၊ ကိုဝင်းဟိန်းဦး၊ ရှမ်းတောရွာမှ ကိုဝင်းအောင်၊ ကိုမျိုးမြင့်ထွန်း၊ ကိုတင်မောင်လင်း၊ ကိုရဲရင့်အောင်၊ ကိုဟိန်းညီညီ၊ ကိုငြိမ်းချမ်းဖြိုး၊ ကိုအောင်ကို၊ မြင့်မြတ်သူ အသက်(၁၄)နှစ်၊ ကိုသီဟကျော်၊ ချစ်စမ်းသူ၊ ကိုစိုင်းကိုဦး ၊ ကိုမောင်ပို၊ မင်းတဲကုန်းရွာမှ ကိုအောင်ကျော်တို့ကို ဖမ်းဆီးသွားပြီး ပြန်လည်လွတ်မြောက်ခြင်းမရှိသေးဟု သိရသည်။

#TachileikNewsAgency