ကိုးကန့်ဒေသတွင် လက်နက်ကိုင်ဆောင်ထားပါက အပ်နှံရန်နှင့် အိမ်၊ခြံ၊မြေ ရောင်းဝယ်ခြင်းများ ရပ်ဆိုင်းထားရန် MNDAA ထုတ်ပြန်

ကိုးကန့်ဒေသတွင် လက်နက်ကိုင်ဆောင်ထားပါက အပ်နှံရန်နှင့် အိမ်၊ခြံ၊မြေ ရောင်းဝယ်ခြင်းများ ရပ်ဆိုင်းထားရန် MNDAA ထုတ်ပြန်
ဇန်နဝါရီ 23, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း ကိုးကန့်ဒေသအတွင်း တရားမဝင် လက်နက်ကိုင်ဆောင်ထားပါက လာရောက်အပ်နှံကြရန်နှင့် အိမ်၊ခြံ၊မြေ ရောင်းဝယ်ခြင်းများ ရပ်ဆိုင်းထားရန် MNDAAက သတင်းထုတ်ပြန်ထားသည်။

ပုဂ္ဂလိက လက်နက်ကိုင်ဆောင်ခြင်းနှင့် ရောင်းဝယ်ခြင်းများကို MNDAAက ဥပဒေနှင့်အညီ တားမြစ်ထားပြီး ပုဂ္ဂလိကဝယ်ယူခြင်း(သို့မဟုတ်) ပြည်သူ့စစ်များရှိစဉ်က ထုတ်ပေးထားသော လက်နက်ကြီး၊ ငယ်၊ ခဲယမ်းများကို လာရောက်အပ်နှံရမည်ဟု ထုတ်ပြန်ထားသည်။

လက်နက်များ ဝှက်ခြင်း၊ ရောင်းချခြင်း၊ ပေးယူခြင်း မပြုလုပ်ရန် တားမြစ်ထားပြီး ဖေဖော်ဝါရီလ (၅)ရက်နေ့မတိုင်ခင် လာရောက်အပ်နှံကြရန်၊ အထက်ပါဥပဒေများကို ချိုးဖောက်ပါက ထိရောက်စွာအရေးယူမည်ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် လောက်ကိုင်ဒေသတွင် ပြည်သူ့စစ်ခေါင်းဆောင်များ၏ မြေယာ၊ ပစ္စည်းဥစ္စာများရှိနေသောကြောင့် ဝယ်ယူခြင်း၊ ငှားရမ်းခြင်းများ လုပ်ဆောင်ရာတွင် မလိုလားအပ်သော ပိုင်ဆိုင်မှု၊ အငြင်းပွားမှုများကို ရှောင်ရှားရန် မြေယာရောင်းဝယ်ခြင်းနှင့် ဟိုတယ်လွှဲပြောင်းခြင်းများကို ရပ်ဆိုင်းထားရမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။'

အိမ်သုံးယာဉ်အဖြစ် ဝယ်ယူအသုံးပြုလိုပါက အထူးဒေသ(၁)၏ ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ ထောက်ခံစာထုတ်ယူပြီး ဝယ်ယူအသုံးပြုနိုင်သည်ဟုလည်း ထုတ်ပြန်ထားသည်။

#TachileikNewsAgency