ကျောက်မဲမြို့နယ်တွင် COVID 19 ကုသဆောင်မလောက်၍ လူနာအချို့ကို နေအိမ်တွင် ထားရှိကုသနေ

ကျောက်မဲမြို့နယ်တွင် COVID 19 ကုသဆောင်မလောက်၍ လူနာအချို့ကို နေအိမ်တွင် ထားရှိကုသနေ
ဇူလိုင် 23, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ( ၂၃ ) ရက်နေ့ တစ်ရက်အတွင်း ဘိုးဘွားရိပ်သာမှ ဘိုးဘွားအချို့အပါအဝင် COVID 19 အတည်ပြုလူနာ (၅၀) ကျော်တွေ့ရပြီး ကျောက်မဲမြို့ပေါ်တွင် ကုသဆောင်မလုံလောက်တော့၍ ပိုးတွေ့လူနာအချို့ကို မိမိတို့နေအိမ်တွင်သာ နေထိုင်စေကြောင်းသိရသည်။

ကျောက်မဲမြို့နယ်အတွင်း ဇွန်လ (၂၀) ရက်နေ့မှ ဇူလိုင်လ (၂၂) ရက်နေ့အထိ COVID 19 ပိုးတွေ့ရသူ စုစုပေါင်း (၃၇၀) ကျော်ရှိနေပြီး ကျောက်မဲခရိုင်ပြည်သူ့ဆေးရုံနှင့် နောင်ပိန်ဆေးရုံတို့တွင် ကုသဆောင်မလုံလောက်တော့၍ အချို့ကို မိမိနေအိမ်တွင်သာ နေထိုင်ကုသစေသည်ဟု သိရသည်။

 

ကျောက်မဲမြို့ရှိ အဆင့်မြင့် သက်ကြီးဘိုးဘွားစောင့်ရှောက်ရေးစင်တာမှ ဇူလိုင်လ (၂၁) ရက်နေ့တွင် COVID 19 စစ်ဆေးတွေ့ရသည့် အဘွား(၃)ဦးနှင့် ဆက်စပ်သူ ဘိုးဘွားအချို့တွင်လည်း ဇူလိုင်လ ( ၂၃ )ရက်က COVID 19 ပိုး ထပ်မံတွေ့ရသည်ဟု သိရသည်။

ကျောက်မဲမြို့နယ်အတွင်း ယနေ့အထိ ပိုးတွေ့သူများအနက် စုစုပေါင်း (၁၃) ဦးသေဆုံးခဲ့ပြီး ဖြစ်သည်။

COVID 19 ပိုးတွေ့သူတိုးလာနေသဖြင့် ကျောက်မဲမြို့နယ်အတွင်း ဈေး၊ ကျောင်း၊ ဆိုင်များကို ဇူလိုင်လ (၃) ရက်နေ့မှစ၍ ယာယီပိတ်ထားသည်။