လားရှိုးမြို့သို့ ရှမ်းပြည်နယ်တွင်းမှ လာသူမည်သူမဆို ရပ်/ကျေးထောက်ခံစာ ယူလာဆောင်ရမည်

လားရှိုးမြို့သို့ ရှမ်းပြည်နယ်တွင်းမှ လာသူမည်သူမဆို ရပ်/ကျေးထောက်ခံစာ ယူလာဆောင်ရမည်
ဇန်နဝါရီ 27, 2021 | Covid-19| ရှမ်းမြောက်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့သို့ ရှမ်းပြည်နယ်တွင်းမှ လာရောက်သူများ အထောက်အထား ပြည့်စုံပါက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ (၂၈) ရက်နေ့မှစ၍ quarantine ဝင်ရန် မလိုသော်လည်း ပြည်နယ် ပြင်ပမှ လာရောက်သူများ သတ်မှတ်ထားသည့်အတိုင်း quarantine ဝင်ရမည်ဖြစ်ကြောင်း သိရသည်။



 “ရှမ်းမြောက်ဒေသတွင်းကနေလာမယ်ဆို လိုအပ်တဲ့စာရွက်စာတမ်း အထောက်အထားတွေကို ကျန်းမာရေး စစ်ဆေးရေးဂိတ်မှာ ပြရမယ်။ သတင်းအချက်အလက် ပို့ခဲ့ရမယ်။ အဲဒါဆို ညအိပ်နေလို့ ရတယ်။ ရှမ်းပြည်နယ်တွင်း အခြားဒေသက လာမယ်ဆိုလည်း အဲဒီလိုပဲ အထောက်အထားပြရမယ်” ဟု လားရှိုးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါက်တာဖြိုးသီဟနိုင်က ဇန်နဝါရီလ (၂၇) ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။



ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှ လားရှိုးမြို့သို့လာရောက်ပါက မြို့အဝင်ဂိတ်တွင် တစ်လအတွင်း ရယူထားသည့် ရပ်/ကျေးထောက်ခံစာ၊ တည်းခိုမည့်နေရာလိပ်စာ၊ ဖုန်းနံပါတ်၊ နေထိုင်မည့်ကာလ စသည့်အချက်အလက်များ ပေးထားပါက ညအိပ်တည်းခိုနိုင်မည်ဖြစ်ကြောင်း သိရသည်။



ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တောင်ပိုင်းတို့မှ လာရောက်သူများအနေဖြင့် မိမိတို့နေထိုင်ရာဒေသမှ ကျန်းမာရေး စစ်ဆေးချက်ထောက်ခံစာပါဝင်မှသာ ညအိပ်တည်းခိုနိုင်မည်ဖြစ်ပြီး မပြသနိုင်ပါက နေ့ချင်းပြန်သာ ခွင့်ပြုမည်ဟု သိရသည်။



လားရှိုးဒေသခံများအနေဖြင့် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသများသို့ သွားရောက်ပြီး ပြန်လာပါက quarantine ဝင်ရန်မလိုကြောင်း သိရသည်။



ရှမ်းပြည်နယ်ဒေသတစ်ခုလုံးတွင် ပြည်နယ်ပြင်ပမှ လာရောက်သူများကို အသွားအလာကန့်သတ်ခြင်းကိုမူ ဖြေလျော့ပေးထားခြင်းမရှိသေးကြောင်း သိရသည်။

Tachileik News Agency

သတင်း - နေဖြိုးမြင့်

နေဖြိုးမြင့်သည် Tachileik News Agency ၏ ရှမ်းပြည်နယ်မြောက်ပိုင်းအခြေစိုက် အကြီးတန်း...