မိုးမိတ်မြို့ရဲစခန်းတစ်ခုလုံး အလံဖြူထောင်လက်နက်ချ

မိုးမိတ်မြို့ရဲစခန်းတစ်ခုလုံး အလံဖြူထောင်လက်နက်ချ
ဇန်နဝါရီ 18, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့ရဲစခန်းမှ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ KIA ပူးပေါင်းတပ်ထံ အလံဖြူထောင်ကာ လက်နက်ချ အညံ့ခံလိုက်ပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကစတင်ကာ မိုးမိတ်မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းများကို KIA ပူးပေါင်း KPDFတပ်များက တိုက်ခိုက်နေရာ ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၈)ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေပြီး လက်ရှိတွင် မိုးမိတ်မြို့ရဲစခန်းတစ်ခုလုံး အလံဖြူထောင်ကာ လက်နက်ချလိုက်ပြီဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ ကနဦးသတင်း သိရသည်။

“မိုးမိတ်ရဲစခန်းတစ်ခုလုံး အလံဖြူထောင် လက်နက်ချလိုက်ပြီ။ ကျွန်တော်တို့ကို မပစ်ပါနဲ့တော့ပြောပြီးတော့ လက်နက်ချလိုက်ကြတာ။ အသေးစိတ်ကိုတော့ မသိရသေးဘူး။ အပြင်မထွက်ရဲကြသေးလို့။”ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

အဆိုပါသတင်းကို အတည်ပြုနိုင်ရန် သက်ဆိုင်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ Tachileik News Agencyအနေဖြင့် ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါသည်။

ယနေ့နံနက်ပိုင်းတွင် မိုးမိတ်မြို့အတွင်း တိုက်ပွဲများပြင်းထန်နေခဲ့ရာ စစ်ကောင်စီတပ်က ပစ်ခတ်သည့် လက်နက်ကြီးကျည်များ နမ့်ခမ်းအင်း၊ ရွှေဇာလီ၊ လက်ခုပ်တန်းရပ်ကွက်များကို ကျရောက်ပေါက်ကွဲပြီး နေအိမ်များ ပျက်စီးကာ အရပ်သားများလည်း ထိခိုက်မှုရှိခဲ့သည်ဟု သိရသည်။

ထို့အပြင် လက်ရှိတွင် စစ်ကောင်စီတပ်သည် ရွှေဇာလီအထွက်နှင့် ဘုန်းကြီးကျောင်းအနီးတွင် တပ်စွဲထားပြီး ကြည်တော်စုရပ်ကွက်ကိုလည်း လေကြောင်းမှ စက်သေနတ်ဖြင့် လာရောက်ပစ်ခတ်ပြီး ဗုံး(၂)လုံး ကြဲချသွားသည်ဟု သိရသည်။ 

ပြီးခဲ့သည့်ရက်ပိုင်းက မိုးမိတ်မြို့နယ်အတွင်း မန်ပတ်၊ မန်ဖွယ်၊ အုန်းချောကျေးရွာများ အနီးတစ်ဝိုက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အမှတ် (၃၄)တပ်ရင်း၊ ABSDF၊ အမှတ် (၃၄) KPDF တပ်ရင်း ပူးပေါင်းတပ်ဖွဲ့နှင့် မိုးမိတ်ဗျူဟာ လက်အောက်ခံ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မိုးမိတ်ခရိုင် KPDFတပ်ရင်းက ဇန်နဝါရီလ (၁၅)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

တော်လှန်ရေးတပ်များသည် ဇန်နဝါရီလ (၁၁)ရက်နေ့တွင် မိုးမိတ်မြို့နယ် အုန်းချောရွာသစ် ရေအားလျှပ်စစ်ခွဲရုံအား တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၇)ဦးသေပြီး (၅)ဦး ထွက်ပြေးသွားသည်ဟု သတင်းထုတ်ပြန်ထားသည်။

မိုးမိတ်မြို့သည် ရှမ်းပြည်နယ် အနောက်ဘက် ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်အစပ်တွင်ရှိပြီး ကချင်၊ တအာင်း၊ ဗမာလူမျိုးများနေထိုင်သည့် ဒေသတစ်ခုဖြစ်သည်။

#TachileikNewsAgency