သွားရောက်ဆွေးနွေးသည့် PNLO တောင်ကြီး ဆက်ဆံရေးရုံးမှ အရာရှိ(၃)ဦးကို စစ်ကောင်စီတပ်က ခြိမ်းခြောက်ညအိပ်ခိုင်းပြီးနောက် ပြန်လွှတ်

သွားရောက်ဆွေးနွေးသည့် PNLO တောင်ကြီး ဆက်ဆံရေးရုံးမှ အရာရှိ(၃)ဦးကို စစ်ကောင်စီတပ်က ခြိမ်းခြောက်ညအိပ်ခိုင်းပြီးနောက် ပြန်လွှတ်
ဇန်နဝါရီ 22, 2024 | 2021 Military Coup| ရှမ်းတောင်

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုန်းမြို့တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့်ပတ်သက်၍ သွားရောက်ဆွေးနွေးခဲ့သည့် PNLO တောင်ကြီးဆက်ဆံရေးရုံးမှ အရာရှိ(၃)ဦးကို စစ်ကောင်စီတပ်က ခြိမ်းခြောက် ညအိပ်ခိုင်းပြီးနောက် ယနေ့၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၂)ရက်နေ့တွင် ပြန်လွှတ်‌ပေးလိုက်ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်၊ စံဖူးကျေးရွားအနီးတွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့်ပတ်သက်ပြီး PNLO၏ တောင်ကြီးဆက်ဆံရေးရုံးမှ အရာရှိ(၃)ဦးတို့သည် ယမန်နေ့ ညပိုင်းတွင် တောင်ကြီးမြို့ရှိ ရပခ ဧည့်ရိပ်သာသို့ သွားရောက်ဆွေးနွေးရာ စစ်ကောင်စီတပ်က ခြိမ်းခြောက်၍ ညအိပ်ခိုင်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

"ညဘက် သွားဆွေးနွေးတာ။ ရပခ ဧည့်ရိပ်သာမှာ ညအိပ်ခဲ့ရတယ် ဆိုတော့။ ဖမ်းတယ်၊ ဆီးတယ်လို့ သတင်းလွှင့်တာလည်း ပါမှာပေါ့။  အဲဒါကြောင့် ဒီနေ့မှာ ပြန်လွှတ်လာတာလည်း ပါတာပေါ့။ ခင်ဗျားတို့ ဆက်တိုက်ချင်သေးလား၊ ဒီမှာက ခင်ဗျားတို့လူတွေ ကျုပ်တို့လက်ထဲမှာဆိုပြီး ခြိမ်းခြောက်ချင်တာမျိုးပေါ့လေ။ တကယ်က ဆက်ဆံရေးရုံးရှိနေတာပဲလေ အချိန်မရွေး လာတွေ့လို့ရတယ်။ အချိန်မရွေး ဖုန်းဆက်ပြောလို့ရနေတယ်။ အခုတော့ လူကိုပေးမပြန်ဘူးဆိုတော့၊ ဧည့်ရိပ်သာမှာ တစ်ညအိပ်ခိုင်းတယ်ဆိုတော့ တော်တော်ကို ခြောက်ခြားသွားတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့။"ဟု သတင်းအရင်းအမြစ်က ပြောသည်။

လက်ရှိတွင် ဆွေးနွေးရေးလုပ်ဆောင်ပြီးနောက် ‌တိုက်ပွဲဖြစ်ပွားခြင်း မရှိတော့ကြောင်း၊ စစ်ကောင်စီတပ်က လမ်းကြောင်းများပိတ်ထားသဖြင့် PNLO ရဲဘော်များ ပြန်လာရန် ခက်ခဲနေကြောင်း၊ ထို့ကြောင့် လမ်းများ ဆက်လက်ပိတ်ထားပါက တိုက်ပွဲများ တနည်းနည်းဖြင့် ပြန်ဖြစ်လာနိုင်ကြောင်း အဆိုပါသတင်းအရင်းအမြစ်က ပြောသည်။

ခြိမ်းခြောက်ဖမ်းဆီးခံရသူများမှာ တောင်ကြီးဆက်ဆံရေးရုံးမှ PNLA အရာရှိ(၃)ဦးဖြစ်ကြသည့် ဗိုလ်မှူးမင်းသိန်း၊ ဗိုလ်ကြီးတီလားနှင့် ဦးလှဝင်း တို့ဖြစ်သည်ဟု သိရသည်။

ယမန်နေ့က ဖြစ်စဉ်သည် ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO)၏ ၎င်းတို့သင်တန်းဆင်းရဲဘော်များအတွက်သယ်ဆောင်လာသည့် လက်နက်ခဲယမ်းများကို စစ်ကောင်စီတပ်ကတောင်းရာ PNLOက မပေးသဖြင့် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သတင်းအရင်းအမြစ်က Tachileik News Agencyကိုပြောသည်။

ထို့အပြင် ယမန်နေ့က သိမ်းဆည်းခံရသည့်လက်နက်များမှာ ကရင်နီဒေသကို ပို့မည့်လက်နက်များမဟုတ်ဘဲ ၎င်းတို့ သင်တန်းဆင်း တပ်သားသစ်များအတွက် သယ်ဆောင်လာသော လက်နက်ခဲယမ်းများသာဖြစ်သည်ဟုလည်း သိရသည်။

PNLOသည် စစ်ကောင်စီနှင့် အပစ်ရပ်ရေးသဘောတူညီမှုစာချုပ် NCAကို လက်မှတ်ရေးထိုးထားသောအဖွဲ့ဖြစ်သည်။

#TachileikNewsAgency