NUG ဝန်ကြီးတချို့ ကနေဒါဘုရင်ခံချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ

NUG ဝန်ကြီးတချို့ ကနေဒါဘုရင်ခံချုပ်၊ လွှတ်တော်ကိုယ်စားလှယ်များနှင့် တွေ့ဆုံ
နိုဝင်ဘာ 6, 2023 | 2021 Military Coup

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးတချို့ ကနေဒါ ဘုရင်ခံချုပ်နှင့် ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂)ရက်နေ့က တွေ့ဆုံ၍ မြန်မာ့အရေးဆွေးနွေးခဲ့ကြကြောင်း သိရသည်။

NUG လူ့အခွင့်အရေးဒုတိယဝန်ကြီး ဦးအောင်ကျော်မိုးနှင့် သမ္မတအကြံပေးနှင့် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့သည် (၂၆)ဆက်မြောက် ကနေဒါဘုရင်ခံချုပ် Right Honourable Adrienne Clarksonနှင့် PEN Internationalအဖွဲ့၏ ဥက္ကဋ္ဌ၊ ကနေဒါနိုင်ငံသားဆိုင်ရာ အင်စတီကျူ ပူးတွဲတည်ထောင်သူနှင့် ပူးတွဲဥက္ကဋ္ဌဖြစ်သူ John Ralston Saulတို့ နိုဝင်ဘာလ (၂)ရက်နေ့က တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

တွေ့ဆုံမှုတွင် မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်တိုးတက်မှုများနှင့် လက်ရှိ အခြေအနေအရပ်ရပ်၊ ရိုဟင်ဂျာအရေးကိစ္စများနှင့် အားလုံးပါဝင်နိုင်သော ဖက်ဒရယ်ဒီမိုကရေစီဆိုင်ရာ ကိစ္စရပ်များအပေါ် အမြင်ဖလှယ် ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။ 

 

မြန်မာလူထု၏ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးဆိုင်ရာ ကြိုးပမ်းမှုများအပေါ် ဆက်လက်ထောက်ခံအားပေးခြင်းအတွက် ဒုဝန်ကြီးနှင့် သမ္မတရုံးပြောခွင့်ရတို့က ကျေးဇူးတင်စကား ပြောဆိုခဲ့သည်ဟုလည်း ဆိုသည်။

ထို့အပြင် NUG လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်း၊ ဒုတိယဝန်ကြီး ဦးအောင်ကျော်မိုး၊ သမ္မတအကြံပေးနှင့် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်တို့သည် အောက်တိုဘာလ (၂၅)ရက်၊ (၂၆)ရက်နှင့် နိုဝင်ဘာလ (၁)ရက်နေ့တို့တွင် ကနေဒါ အောက်လွှတ်တော်နှင့် အထက်လွှတ်တော်တို့မှ လွှတ်တော်အမတ်များ၊ မြန်မာ့အရေးဆိုင်ရာ လွှတ်တော်အဖွဲ့အစည်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု သိရသည်။ 

NUGကို ထောက်ခံအားပေးရေး၊ လက်တွေ့ကျသော ကူညီထောက်ပံ့မှုများ ပေးအပ်ရေးတို့အတွက် PFODBတွင်ပါဝင်သည့် နိုင်ငံရေးပါတီလေးခုစလုံးတို့မှ လွှတ်တော်ကိုယ်စားလှယ်များ၏ ပူးတွဲစာတစောင်ကို ကနေဒါ အစိုးရ၊ နိုင်ငံတကာဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးတို့ထံ ပေးပို့သွားမည်ဖြစ်ကြောင်း PFODBပူးတွဲဥက္ကဋ္ဌများက အသိပေးပြောဆိုခဲ့သည်ဟု သိရသည်။

တွေ့ဆုံပွဲအတွင်း ရိုဟင်ဂျာအရေးကိစ္စအပါအဝင် မြန်မာနိုင်ငံတဝန်း စစ်ကောင်စီ၏ အကြမ်းဖက် လုပ်ရပ်များနှင့် ဖမ်းဆီး သတ်ဖြတ်မှုများ၊ ကျူးလွန်မှုများအတွက် တာဝန်ယူမှု ရှိစေရေး၊ အရပ်သားများအပေါ် ဥပဒေနှင့်အညီ အကာအကွယ်ပေးရေး၊ ဒေသန္တရအုပ်ချုပ်ရေး၊ လူသားစာနာမှုအကူအညီဆိုင်ရာနှင့် NUGနှင့် နွေဦးတော်လှန်ရေးတို့အပေါ် ကနေဒါနိုင်ငံ၏ ထောက်ခံအားပေးမှု စသည့်ကိစ္စရပ်များအား ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

#TachileikNewsAgency