လိုင်ဇာမြို့အနီးရှိ အောင်ဂျာစစ်ကောင်စီတပ်စခန်း KIA သိမ်းပိုက်

လိုင်ဇာမြို့အနီးရှိ အောင်ဂျာစစ်ကောင်စီတပ်စခန်း KIA သိမ်းပိုက်
အောက်တိုဘာ 20, 2023 | 2021 Military Coup| အခြားဒေသများ

ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ လိုင်ဇာမြို့အနီးရှိ အောင်ဂျာစစ်ကောင်စီတပ်စခန်းကုန်းကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)က ယနေ့ ၂၀၂၃ခုနှစ် အောက်တိုဘာလ (၂၀)ရက်နေ့တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သိရသည်။

အဆိုပါတပ်စခန်းကို ယနေ့ နံနက်ပိုင်းမှစတင်ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နေ့လယ်ပိုင်းတွင် သိမ်းပိုက်နိုင်ခဲ့ကာ စစ်သုံ့ပန်များ၊ လက် နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု KIA နှင့်နီးစပ်သူများထံမှ သိရသည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ကူအပါအဝင် လေကြောင်းပစ်ကူများပေးခဲ့ကာ စစ်ကောင်စီတပ်သားသေဆုံးမှုနှင့် လက်နက်ခဲယမ်း မည်မျှသိမ်းဆည်းရရှိသည်ကိုမူ KIAနှင့် နီးစပ်သူများက ပြောဆိုခြင်းမရှိပါ။ 

ယမန်နေ့ အောက်တိုဘာလ (၁၉)ရက်နေ့ကလည်း ရှမ်းပြည်နယ်(မြောက်ပိုင်း) ပန်ဆိုင်းမြို့နယ်၊ ဝိန်းလားတောင်ရှိ စစ်ကောင်စီ၏ ဗျူဟာကုန်းစခန်းကို KIAတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ထံမှ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ထံမှ MA (၁၁)လက်၊ (၆၀)မမ တစ်လက်၊ (၈၁)မမ တစ်လက်၊ ငါးကြင်းမြှီးတစ်လက်အပြင် ဆက်စပ်လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့သည်ဟု KIAနှင့် နီးစပ်သူများ၏ ပြောကြားချက်အရ သိရသည်။

#TachileikNewsAgency