မြောက်ဒဂုံမြို့နယ် (၃၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ

မြောက်ဒဂုံမြို့နယ် (၃၂) ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ဗုံးခွဲတိုက်ခိုက်ခံရ

ရန်ကုန်မြို့ပြတွင် စစ်ကောင်စီ လုံးဝအုပ်ချုပ်ခွင့်မရစေရန်နှင့် စစ်ကောင်စီဒေါက်တိုင်များကို ရိုက်ချိုးရန် ရည်ရွယ်ချက်ဖြင့် မြောက်ဒဂုံမြို့နယ် (၃၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် Together Urban Force အဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှုးနှင့် ပျူစောထီးများ စုဝေးရာဖြစ်သည့် မြောက်ဒဂုံမြို့နယ် (၃၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ယမန်နေ့ မေလ (၆) ရက်နေ့ ညနေ လေးနာရီခွဲခန့်တွင် ထိရောက်စွာ ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိနိုင်ပြီး၊ ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် ရဲဘော်များ လုံခြုံရာသို့ ပြန်လည်ဆုတ်ခွာနိုင်ပြီဖြစ်ကြောင်း သိရသည်။

ပြည်သူလူထုအနေဖြင့် စစ်ကောင်စီနှင့်ပက်သက်သည့် ဒေါက်တိုင်များ၊ လုပ်ငန်းဌာနများ၊ စစ်ကောင်စီ၏ အထိုင်ကင်းများ၊ လှည့်ကင်းများနှင့်ဝေးရာမှ ရှောင်ရှားသွားလာကြပါရန် မေတ္တာရပ်ခံကြောင်း Together Urban Force ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

နိုင်ငံအနှံ့တွင် စစ်မျက်နှာပေါင်းစုံ ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် မေလအတွင်း ရန်ကုန်မြို့၌ လူငယ်များကို စစ်ဆေးမေးမြန်းခြင်းနှင့် ဖမ်းဆီးခြင်းများကို ပိုမိုလုပ်ဆောင်လာနေကြောင်း ရန်ကုန်မြို့ ဒေသခံတစ်ဦးထံမှ သိရသည်။

#TachileikNewsAgency