ထိုင်းနိုင်ငံတွင် လေထုအရည်အသွေး တိုးတက်စေရေးအတွက် အရေးပေါ် အစီအစဥ် ချမှတ်ရန် တရားရုံးက အစိုးရကို ညွှန်ကြား

ထိုင်းနိုင်ငံတွင် လေထုအရည်အသွေး တိုးတက်စေရေးအတွက် အရေးပေါ် အစီအစဥ် ချမှတ်ရန် တရားရုံးက အစိုးရကို ညွှန်ကြား
ဇန်နဝါရီ 20, 2024 | နိုင်ငံတကာသတင်း
By Mr John

ထိုင်းနိုင်ငံတွင် နှစ်စဥ် ကြုံတွေ့နေရသည့် အန္တရာယ်ရှိသော အဆိပ်အတောက် မီးခိုးမြူများ အမြင့်ဆုံးအချိန် ရောက်ရှိနေရာ အစိုးရအနေဖြင့် ရက် (၉၀) အတွင်း လေထုညစ်ညမ်းမှု ထိန်းချုပ်လျှော့ချရေး အရေးပေါ် အစီအစဥ်တစ်ရပ် ချမှတ်ရန် တရားရုံးက ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ညွှန်ကြားလိုက်သည်။

ချင်းမိုင်အုပ်ချုပ်ရေးဆိုင်ရာ တရားရုံးက National Environmental Commission အနေဖြင့် လေထုညစ်ညမ်းမှုကို ဖြေရှင်းရန် ရေတိုနှင့် ရေရှည် အစီအစဥ်များ ရက် (၉၀) အတွင်း ချမှတ်တင်ပြရန် ဇန်နဝါရီလ (၁၉) ရက်နေ့တွင် ညွှန်ကြားခဲ့သည်။ 

၎င်း၏ တာဝန်များကို လစ်လျူရှုခဲ့သည်ဟု စွပ်စွဲခံရသူ ဝန်ကြီးချုပ်ဟောင်း ပရာယွတ်ချန်အိုချာ၏ ယခင်အစိုးရမှာ လေထုညစ်ညမ်းမှုကို ကိုင်တွယ်ဖြေရှင်းရန် မြန်မြန်ဆန်ဆန် ဆောင်ရွက်ခဲ့ခြင်းမရှိဘဲ အလွန်နှေးကွေးခဲ့ကြောင်းလည်း တရားရုံးက ဆုံးဖြတ်ခဲ့သည်။

၂၀၂၃ ခုနှစ် ဩဂုတ်လတွင် အာဏာရလာခဲ့သူ လက်ရှိ ထိုင်းဝန်ကြီးချုပ် ဆရတ်သာ သာဗီစင်က လေထုညစ်ညမ်းမှုကို အမျိုးသားရေး လုပ်ငန်းစဥ်တစ်ခုအဖြစ် ကိုင်တွယ်ဖြေရှင်းမည်ဟု ကတိပြုထားသည်။ 

ဝန်ကြီးချုပ်ဆရတ်သာ အစိုးရက  လေထုညစ်ညမ်းမှု ပြဿနာကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သော Clean Air Act အက်ဥပဒေမူကြမ်းကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၇) ရက်နေ့က ထိုင်းလွှတ်တော်တွင် ပထမဆုံးအကြိမ် ဖတ်ကြားအတည်ပြုခဲ့သည်။

လေထုညစ်ညမ်းမှု စောင့်ကြည့်အဖွဲ့အစည်း IQAir ၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၂၀) ရက်နေ့ နံနက်(၈)နာရီခွဲအချိန်တွင် ဘန်ကောက်မြို့မှာ ကမ္ဘာတဝန်း လေထုအညစ်ညမ်းဆုံးမြို့များ စာရင်း၏ နံပါတ် (၉) နေရာ၌ ရှိနေပြီး မြန်မာနိုင်ငံ ရန်ကုန်မြို့သည် အဆင့်(၆)တွင်ရှိနေသည်။ 

ဘန်ကောက်မြို့နှင့် ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့တို့မှာ ၂၀၂၃ ခုနှစ်အတွင်း ရက်အချို့တွင် ကမ္ဘာ့လေထုအညစ်ညမ်းဆုံး မြို့များအဖြစ် ရပ်တည်ခဲ့ဖူးသည်။

ထိုင်းနိုင်ငံတွင် စက်ရုံအလုပ်ရုံများနှင့် ယာဥ်များမှ ထုတ်လွှတ်သော မီးခိုးများနှင့် လယ်သမားများက လယ်ယာမြေ အမှိုက်များကို မီးရှို့မှုကြောင့် ထွက်ပေါ်လာသော မီးခိုးများကြောင့် နှစ်တစ်နှစ်၏ အစောပိုင်းလများအတွင်း လေထုအရည်အသွေး ကျဆင်းနေလေ့ရှိသည်။

Source: AFP