စင်ကာပူနိုင်ငံတွင် မျောက်ကျောက်ရောဂါ ပြည်ပကူးစက်မှုတစ်ခု တွေ့ရှိ 

စင်ကာပူနိုင်ငံတွင် မျောက်ကျောက်ရောဂါ ပြည်ပကူးစက်မှုတစ်ခု တွေ့ရှိ 
By Mr John

 

အရှေ့တောင်အာရှဒေသတွင်း စင်ကာပူနိုင်ငံတွင် မျောက်ကျောက်ရောဂါ ပြည်ပကူးစက်မှုတစ်ခု ပထမဆုံးအကြိမ် တွေ့ရှိရကြောင်း ဇွန်လ (၂၁) ရက် ညပိုင်း၌ ကျန်းမာရေးဝန်ကြီးဌာန  Ministry of Health (MOH) က အတည်ပြု ထုတ်ပြန်ခဲ့သည်။ 

မျောက်ကျောက်ရောဂါ ကူးစက်ခံရသည့် လူနာအမျိုးသားမှာ အသက် (၄၂) နှစ်အရွယ် ဗြိတိသျှတစ်ဦးဖြစ်ပြီး လေယာဥ်မောင်အဖြစ် အလုပ် လုပ်ကိုင်သူဖြစ်ကြောင်း MOH က ပြောသည်။

၎င်းသည် ဇွန်လ (၁၅) ရက်နှင့် (၁၇) ရက်အတွင်း စင်ကာပူတွင် ရှိနေခဲ့ပြီးနောက် ဇွန်လ (၁၉) ရက်၌ စင်ကာပူကို အဝင်အထွက်ရှိခဲ့သည်။ 

ထိုအမျိုးသားထံတွင် မျောက်ကျောက်ရောဂါ (monkeypox) ရှိကြောင်း ဇွန်လ (၂၀) ရက်နေ့၌ စစ်ဆေးတွေ့ရှိခဲ့ရသည်။ 

လက်ရှိတွင် ၎င်းကို National Centre for Infectious Diseases (NCID) ၌ ထားရှိပြီး ၎င်း၏အခြေအနေ တည်ငြိမ်ကြောင်း သိရသည်။ 

အဆိုပါ မျောက်ကျောက်ရောဂါရှိသူနှင့် ထိတွေ့မှုရှိခဲ့သူများကို ခြေရာခံ စုံစမ်းရှာဖွေနေကြောင်း MOH က ပြောသည်။

လူနာမှာ ဇွန်လ (၁၄) ရက်နေ့တွင် ခေါင်းကိုက်နေခဲ့ပြီးနောက် ဇွန်လ (၁၆) ရက်တွင် ဖျားခဲ့သည်ဟု ဆိုသည်။ 

ထိုလက္ခဏာများမှာ နောက်ပိုင်းတွင် ပျောက်ကင်းသွားခဲ့ပြီး ဇွန်လ (၁၉) ရက်နေ့တွင်မူ အရေးပြားအဖုအပိမ့်များ ထွက်လာခဲ့ကြောင်း သိရသည်။

 ထို့နောက် အဆိုပါ အမျိုးသားက ဇွန်လ (၁၉) ရက်နေ့ ညပိုင်းတွင် ဖုန်းဆက်သွယ်ပြီး ကုသမှုခံယူခဲ့ကြောင်းနှင့် ဇွန်လ (၂၀) ရက်၌ နောက်ထပ် စစ်ဆေးမှုအတွက် NCID သို့ ပို့ဆောင်ခဲ့ကြောင်း MOH က ပြောသည်။

"သူလိုက်ပါခဲ့တဲ့ လေကြောင်းခရီးစဥ်တွေနဲ့ စင်ကာပူမှာ သူနေထိုင်တဲ့ အချိန်ကာလအတွင်း ထိတွေ့မှုရှိခဲ့တာတွေကို ခြေရာခံ စုံစမ်းရှာဖွေနေပါတယ်။ အဲဒီအချိန်ကာလအတွင်း သူက အနှိပ်ခန်းတစ်ခုကိုသွားခဲ့တာကလွဲပြီး သူ့ရဲ့ဟိုတယ်အခန်းထဲမှာပဲ နေခဲ့တာများပါတယ်။ ဇွန်လ (၁၆) ရက်နေ့မှာတော့ စားသောက်ဆိုင် (၃) ဆိုင်မှာ စားခဲ့ပါတယ်" ဟု MOH က ထုတ်ပြန်ထားသည်။

"မျောက်ကျောက်ရောဂါက ခန္ဓာကိုယ်ချင်း အနီးကပ်ထိတွေ့မှု သို့မဟုတ် အချိန်ကြာရှည် ထိတွေ့မှုကနေ ကူးစက်တယ်လို့ အချက်အလက်တွေက ဖော်ပြထားတာကြောင့် ယေဘုယျအားဖြင့် အဲဒီနေရာတွေကို လာရောက်သူတွေအတွက် ကူးစက်ခံရနိုင်ခြေ နည်းပါတယ်။ လူနာ သွားရောက်ခဲ့တဲ့  နေရာ (၄) ခုလုံးကို သန့်ရှင်းရေးနဲ့ ပိုးသတ်ခြင်းတို့ လုပ်ဆောင်နေတယ်" ဟု MOH က ပြောသည်။

ဇွန်လ (၂၁) ရက်နေ့အထိ ထိုအမျိုးသားနှင့် ထိတွေ့မှုရှိခဲ့သူ (၁၃) ဦးကို သိရှိထားပြီဟု ဆိုသည်။ 

အဆိုပါ ထိတွေ့မှုရှိခဲ့သူ အားလုံးကို လူနာနှင့် ထိတွေ့ခဲ့ချိန်မှစပြီး (၂၁) ရက်ကြာ ကွာရန်တင်းထားရှိမည်ဟု MOH က ပြောသည်။ 

ကူးစက်မှုအန္တရာယ်နည်းသည့် ထိတွေ့မှုမရှိခဲ့သူ (၂) ဦးကို ဖုန်းဖြင့် စောင့်ကြည့်နေကြောင်း သိရသည်။ 

ဖုန်းဖြင့် စောင့်ကြည့်မှုအောက်တွင်ရှိသူများကို ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်ခြင်းရှိ မရှိ (၂၁) ရက်အတွင်း နေ့စဥ် ဖုန်းခေါ်ဆို မေးမြန်သွားမည်ဖြစ်သည်။ 

ကူးစက်ခံရကြောင်း သံသယရှိပါက နောက်ထပ် စစ်ဆေးမှုများနှင့် သီးခြားခွဲထားပြီး နောက်ထပ် ကူးစက်ပျံ့နှံ့မှု တားဆီးကာကွယ်ရန် ၎င်းတို့ကို NCID သို့ ချက်ချင်း ပို့ဆောင်သွားမည်ဖြစ်ကြောင်း MOH က ပြောထားသည်။

Source: CNA