မြန်မာစစ်အုပ်စု၏ သေဒဏ်စီရင်မှုက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah
မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah
မြန်မာစစ်အုပ်စု၏ သေဒဏ်စီရင်မှုက လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်
ဇူလိုင် 27, 2022 | နိုင်ငံတကာသတင်း
By Mr John

မလေးရှားနိုင်ငံခြားရေးဝန်ကြီး Saifuddin Abdullah က မြန်မာစစ်အုပ်စု၏ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (၄) ဦးကို သေဒဏ်စီရင်မှုလုပ်ရပ်အပေါ် ရှုတ်ချလိုက်ပြီး ထိုလုပ်ရပ်မှာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုဖြစ်ကြောင်း ဇူလိုင်လ (၂၆) ရက်နေ့က ပြောဆိုလိုက်သည်။ 

ထို့အပြင် နိုင်ငံတကာဝန်ကြီးအဆင့် အစည်းအဝေးသို့ စစ်အုပ်စု၏ နိုင်ငံရေးကိုယ်စားလှယ်ကို တက်ခွင့်မပြုသင့်ကြောင်းလည်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ဖြည့်စွက်ပြောသည်။

"သေဒဏ်စီရင်မှုတွေက စစ်အုပ်စုအနေနဲ့ အာဆီယံ ဘုံသဘောတူညီချက် (၅) ချက်ကို မထီမဲ့မြင်ခြင်းပြုခြင်းလားဆိုတာ ကျွန်တော်တို့ စဥ်းစားခဲ့ပါတယ်။ ကျွန်တော်တို့ ဒါကို အမှန်တကယ်ပဲ အလွန်အလေးအနက်ထား စဥ်းစားဆွေးနွေးရမယ်လို့ ကျွန်တော်ထင်ပါတယ်" ဟု Saifuddin Abdullah က သတင်းစာရှင်းလင်းပွဲတွင် ပြောခဲ့သည်။

စင်ကာပူနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan ကလည်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (၄) ဦးကို စစ်အုပ်စု၏ သေဒဏ်စီရင်မှုက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းသည့်ဖြေရှင်းမှုနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖြစ်မြောက်စေရန် အာဆီယံ၏ အားထုတ်ကြိုးပမ်းမှုများအတွက် အကြီးအကျယ် ဆုတ်ယုတ်မှုဖြစ်ကြောင်း Faceboook ပို့စ်တွင် ရေးသားထားသည်။

"(၅၅) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမတိုင်မီ တစ်ပတ်မျှအလိုတွင် သေဒဏ်ချမှတ်ထားမှုများကို လက်တွေ့အကောင်အထည်ဖော်ခြင်းမှာ အလွန်ပြစ်တင်ရှုတ်ချထိုက်ကြောင်းနှင့် ထိုလုပ်ရပ်က မြန်မာစစ်အုပ်စုအနေဖြင့် ကုလသမဂ္ဂက အားပေးထောက်ခံထားသည့် အာဆီယံ၏ ငြိမ်းချမ်းရေးအစီအစဥ် ဘုံသဘောတူညီချက် (၅) ချက်ကို လိုက်နာဆောင်ရွက်ရန် လုံးဝဆန္ဒမရှိကြောင်း ပြသခဲ့မှုဖြစ်သည်" ဟု အာဆီယံက ရှုတ်ချကြောင်း ထုတ်ပြန်ချက်တွင် ပြောထားသည်။

Source: CNA