တူရကီ နှင့် ဆီးရီးယားတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ(၃,၀၀၀)ကျော်သေဆုံးပြီး သေဆုံးသူအရေအတွက် ဆက်လက် မြင့်တက်လာနိုင်

တူရကီ နှင့် ဆီးရီးယားတွင် ငလျင်လှုပ်ခတ်မှုကြောင့် လူ(၃,၀၀၀)ကျော်သေဆုံးပြီး သေဆုံးသူအရေအတွက် ဆက်လက် မြင့်တက်လာနိုင်
ဖေဖော်ဝါရီ 7, 2023 | နိုင်ငံတကာသတင်း
By Mr John

တူရကီနိုင်ငံ အလယ်ပိုင်းနှင့် ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် ၂၀၂၃ခုနှစ် ဖေဖေါ်ဝါရီလ (၆) ရက်နေ့က လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် ညပိုင်းအထိ သတင်းများအရ လူ (၃၀၀၀)  ကျော် သေဆုံးခဲ့ကြောင်း သိရသည်။ 

မြန်မာစံတော်ချိန်အနေဖြင့် ဖေဖော်ဝါရီလ(၇)ရက်နေ့ နံနက်(၄)နာရီအချိန်အထိ တူရကီနိုင်ငံတွင် အဆောက်အုံပေါင်း (၅,၆၀၆)လုံး ပျက်စီးခဲ့ရသလို သေဆုံးသူမှာလည်း (၂၃၁၆)ဦးအထိရှိလာသည့် အတွက် ရှာဖွယ်ကယ်ဆယ်ရေးလူဦးရေ (၁၉,၅၇၄)ဦးဖြင့် ဆက်လက် ရှာဖွေကယ်ဆယ်နေရကြောင်း တူရကီ၏ သဘာဝဘေးအန္တရာယ်နှင့် အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီက ထုတ်ပြန်ထားရှိသည်။

အင်အားပြင်းထန်လှသည့် ငလျင်ကြီးကြောင့် လူနေတိုက်ခန်းများ လုံးဝပျက်စီးခဲ့သည့်အတွက် နှစ်ပေါင်းရှည်ကြာ စစ်ပွဲကြောင့် ပျက်စီးနေခဲ့သည့် ဆီးရီးယားတွင် အပျက်အစီး ပိုမိုများပြားခဲ့သည်။

ဖေဖေါ်ဝါရီလ (၆) ရက်နေ့ နေမထွက်မီ ဒေသစံတော်ချိန် နံနက် (၄) နာရီဝန်းကျင်က ရစ်ချ်တာစကေး (၇.၈) အဆင့်ရှိ ငလျင်ကြီး လှုပ်ခတ်ခဲ့ရာ ယခုရာစုနှစ်အတွင်း တူရကီ၌ အဆိုးဆုံး ဖြစ်ခဲ့သလို မွန်းလွဲပိုင်းတွင်လည်း ရစ်ချ်တာစကေး (၇.၇) ရှိ နောက်ဆက်တွဲ ငလျင်ကြီးတစ်ခု ထပ်မံ လှုပ်ခတ်ခဲ့ကြောင်း သိရသည်။

ငလျင်လှုပ်မှုကို ဆိုက်ပရက်စ်နှင့် လက်ဘနွန်နိုင်ငံတို့တွင်လည်း ခံစားသိရှိခဲ့ရသည်။ 

ဒုတိယ ငလျင်ကြီးကြောင့် အပျက်အစီး မည်မျှဖြစ်ပေါ်ခဲ့သည်ကို ချက်ချင်း မသိရသေးဘဲ ကယ်ဆယ်ရေးဝန်ထမ်းများက သေဆုံးဒဏ်ရာရသူများကို အပျက်အစီးများထဲမှ ဆွဲထုတ်ရန် ရုန်းကန်နေခဲ့ရသည်။ 

ငလျင်ကြီး လှုပ်ခတ်မှုကြောင့် တူရကီတွင် အနည်းဆုံး လူ (၂,၃၀၀)ကျော် သေဆုံးသလို ဆီးရီးယားတွင်လည်း လူ(၁၀၀၀)ကျော် သေဆုံးကြောင်း  သိရသည်။ 

လတ်တလော အခြေနေအရ ငလျင်ကြောင့် လူ (၇,၆၃၄) ဦး ဒဏ်ရာရခဲ့ပြီး အဆောက်အအုံ (၅၀၀၀)ကျော် ပြိုကျပျက်စီးခဲ့ကြောင်း နှင့်  ရှာဖွေရေးနှင့် ကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေလျှက်ရှိသည့်အတွက် သေဆုံးသူအရေအတွက် မည်မျှ မြင့်တက်လာနိုင်ကြောင်းကို မခန့်မှန်းနိုင်သေးဟုလည်း တူရကီသမ္မတ Tayyip Erdogan  က ဆိုသည်။ 

အအေးဒဏ်ပြင်းထန်သည့် ဆောင်းရာသီဖြစ်သော်လည်း ကယ်ဆယ်ရေးလုပ်သူများက အစွမ်းကုန် ကြိုးပမ်းနေခဲ့ကြကြောင်းနှင့် နေမထွက်မီအချိန်တွင် ငလျင်လှုပ်ခတ်ခဲ့မှုကြောင့် ပိုမိုခက်ခဲမှုများ ကြုံခဲ့ရကြောင်း တူရကီသမ္မတက ပြောသည်။

လက်ရှိတွင် တူရကီနှင့် ဆီးရီးယားတွင် ကယ်ဆယ်ရေးလုပ်ငန်းများ နှင့် ရှာဖွေရေးများ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်၍ သေဆုံးသူ အရေအတွက်မှာလည်း တိုးလာနေသည်ဟု သိရသည်။

Source: CNN, Reuters

Photo: Aaref Watad/AFP/Getty Images,Eren Bozkurt/Anadolu Agency/Getty Images, Omer Yildiz/Anadolu Agency/Getty Images,REUTERS/Dilara Senkaya,  REUTERS/Khalil Ashawi