ယူကရိန်းအရှေ့ပိုင်း Donetsk ဒေသတွင် ရုရှားက အပြင်းအထန် တိုက်ခိုက်နေ

Photo:  REUTERS/Alexander Ermochenko
Photo: REUTERS/Alexander Ermochenko
ယူကရိန်းအရှေ့ပိုင်း Donetsk ဒေသတွင် ရုရှားက အပြင်းအထန် တိုက်ခိုက်နေ
ဇူလိုင် 7, 2022 | နိုင်ငံတကာသတင်း
By Mr John

ရုရှားတပ်ဖွဲ့တွေက ယူကရိန်းအရှေ့ပိုင်း Luhansk ဒေသကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီးနောက် ယခုအခါ Donetsk ဒေသကို အပြင်းအထန် တိုက်ခိုက်နေရာ ထိုဒေသရှိ အဓိက မြို့နှစ်မြို့မှ မြို့ခံများ ထွက်ပြေးကြရန် တာဝန်ရှိသူတွေက ပြောထားသည်။ 

Slovyansk နှင့် Kramatorsk မြို့တို့ကို ရုရှားတပ်ဖွဲ့က အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်နေကြောင်း ယူကရိန်းအစိုးရ တာဝန်ရှိသူများက ဇူလိုင်လ (၆) ရက်နေ့တွင် ပြောသည်။ 

ဇူလိုင်လ (၅) ရက်နေ့က Slovians မြို့ရှိ ဈေးနေရာတစ်ခုကို ရုရှားဒုံးကျည် ထိမှန်ခဲ့မှုကြောင့် အနည်းဆုံး အရပ်သား (၂) ဦး သေဆုံးပြီး (၇) ဦး ဒဏ်ရာရခဲ့သည်။

ယူကရိန်းအရှေ့ပိုင်း ဒွန်ဘတ်စ်ဒေသတစ်ခုလုံးကို ထိန်းချုပ်ရန်ကြိုးပမ်းနေသည့် ရုရှားက ထိုဒေသတွင် ပါဝင်နေသည့် Luhanskကို ထိန်းချုပ်ပြီးနောက် ၎င်းနှင့်ကပ်လျက်ရှိ Donetsk ကို အာရုံစိုက် ထိုးစစ်ဆင်လာခဲ့သည်။ 

Luhansk နှင့် Donetsk ကို ထိန်းချုပ်လိုက်ခြင်းဖြင့် ရုရှားက ယူကရိန်းအရှေ့ပိုင်း စက်မှုဒေသဖြစ်သည့် ဒွန်ဘတ်စ်တစ်ခုလုံးကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ရုရှားက ဒွန်ဘတ်စ်ဒေသ မြောက်ပိုင်းသို့ ထိုးစစ်ဆင် ချဥ်းကပ်လာမှုကို ပြန်တွန်းလှန်ခဲ့ကြောင်း နှင့် Sloviansk မြို့နှင့် အခြား အရပ်သားနေရာများမှာ အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခံနေရကြောင်း ယူကရိန်းအစိုးရအရာရှိများက ဇူလိုင်လ (၆) ရက်နေ့တွင် ပြောသည်။ 

ယခုသီတင်းပတ်အတွင်း Slovyansk နှင့် Kramatorsk မြို့တို့ကို ဗုံးကြဲတိုက်ခိုက်မှု မရှိသည့်ရက် တစ်ရက်မျှမရှိခဲ့ဟု ထိုမြို့များတည်ရှိရာ Donetsk ဒေသ၏ အုပ်ချုပ်ရေးမှူး Pavlo Kyrylenko က ဆိုသည်။

"ရန်သူက ပရမ်းပတာ ပစ်ခတ်တိုက်ခိုက်နေတယ်။ တိုက်ခိုက်သူတွေက ဒေသခံတွေကို ချေမှုန်းပစ်ဖို့ ရည်ရွယ်ထားတယ်။ ဒါကြောင့် နောက်တစ်ကြိမ်ထပ်ပြီး အဓိက အကြံပေးချင်တာက ရွှေ့ပြောင်းကြဖို့ပါပဲ" ဟု ၎င်းက ပြောသည်။ 

Luhansk ဒေသရှိ အဓိက မြို့နှစ်မြို့ဖြစ်သော Severodonetsk နှင့် Lysychansk မြို့တို့ကို ရုရှားလက်အောက်သို့ ကျရောက်သွားပြီးနောက် Donetsk ဒေသရှိ Slovyansk နှင့် Kramatorsk မြို့တို့မှာ စစ်ပွဲ၏ ရှေ့တန်းနေရာများ ဖြစ်လာခဲ့သည်။



Source: Reuters