တာချီလိတ် - ကျိုင်းတုံအကြားက တာလေတံတားပေါ် အက်ကွဲရာများကြောင့် ကားကြီးများ သွားလာခွင့် ယာယီပိတ်ထား၊ ဆိုင်ကယ်နှင့်လူများ သွားလာနိုင်မည်

တာချီလိတ် - ကျိုင်းတုံအကြားက တာလေတံတားပေါ် အက်ကွဲရာများကြောင့် ကားကြီးများ သွားလာခွင့် ယာယီပိတ်ထား၊ ဆိုင်ကယ်နှင့်လူများ သွားလာနိုင်မည်
ဇန်နဝါရီ 18, 2024 | ရှမ်းရှေ့

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသ၊ တာချီလိတ်မြို့နယ်အတွင်း ကျိုင်းတုံ - တာချီလိတ်သွားလမ်းပေါ် တာလေမြို့ရှိ တာလေတံတားတွင် အက်ကြောင်းရာများ ဖြစ်ပေါ်လာပြီးနောက် ကားသွားလာမှုကို လုံးဝ ပိတ်ထားလိုက်ပြီး မဖြစ်မနေ အဖြစ် ဆိုင်ကယ်နှင့်လူများကိုသာ သွားလာခွင့် ပြုထားကြောင်း နှင့် ယာယီအနေဖြင့် ကားကြီးများသွားလာနိုင်ရန်အတွက်  ဘေလီတံတား လုပ်ဆောင်နေကြောင်း သိရသည်။

လက်ရှိတွင် တံတားပေါ်ကနေ ကုန်တင်ကားနှင့်ကားကြီးများ သွားလာနိုင်ရန်အတွက် ဘေလီတံတား(သံဘောင်တံတား) စတင်ပြုလုပ်နေသည့်အတွက် ယာယီတံတားပြီးစီးရန် အချိန်ကာလအားဖြင့် အနည်းဆုံး (၃/၄)ရက်ကြာနိုင်သလို ဒီထက်လည်း ပိုကြာနိုင်ကောင်း ကြာနိုင်သည်ဟုလည်း သိရသည်။

"မိုင်းလင်းဘက်ကနေ တာချီလိတ်ကို သွားလို့ရမဲ့ မြို့ရှောင်လမ်းကလည်း  တံတားတစ်စင်းက မပြီးသေးတော့ အဲ့ဖက်ကနေလည်း ပတ်သွားလို့မရသေးဘူး။ တာချီလိတ်ကို  အခုလောလောဆယ် ကားတွေသွားလို့ရအောင် ယာယီအနေနဲ့ တစ်ဖက်မှာ သံဘောင်တံတားလိုမျိုးလုပ်ဖို့ စီစဉ်နေတယ်။ နည်းဆုံး (၃/၄)ရက်ကြာနိုင်မလား ဘယ်လောက်ကြာနိုင်မလဲဆိုတာတော့ မပြောတတ်သေးဘူး။ အမြန်ဆုံးပြီးအောင် လုပ်ဖို့တော့ စီစဉ်ထားကြတယ်။ ယာယီတံတားလုပ်နေချိန်မှာတော့ အိမ်စီးကားတွေကိုတော့ အခြေအနေကြည့်ပြီး လွတ်ပေးသွားမယ်။ သေချာတာကတော့ လောလောဆယ် ဆိုင်ကယ်နဲ့လူတွေကို သွားလာခွင့်ပြုထားတယ်။"ဟု ဌာနဆိုင်ရာ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကို ပြောပြသည်။

တာလေတံတားတွင် သိသာထင်ရှားသည့် ကွဲအက်ကြောင်း ဖြစ်ပေါ်လာသည်ကို ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ(၁၈)ရက်နေ့ နံနက်ပိုင်းက စပြီး တွေ့ရှိပြီးနောက် ကုန်တင်ကားများနှင့် ကားကြီးများကို သွားလာခွင့် ပိတ်ထားလိုက်ပြီး အိမ်စီးကားများကို အခြေအနေကြည့်၍ လွတ်ပေးနေကြောင်းနှင့် ဆိုင်ကယ်နှင့်လူများကိုတော့ သွားလာခွင့်ပြုထားကြောင်း သိရသည်။ 

ကျိုင်းတုံ နှင့် တာချီလိတ်အကြား (၇၄၃)ကီလိုမီတာ နှင့် (၇၄၄)ကီလိုမီတာအကြားတွင် ရှိသည့် တာလေတံတားသည် အရှည် (၃၂၅)ပေရှိပြီး သက်တမ်း၏ သက်တမ်းမှာ နှစ်ပေါင်း (၂၀)ကျော်ရှိနေပြီဖြစ်သော်လည်း  ၂၀၁၁ခုနှစ် မတ်လ(၂၄)ရက်နေ့ ညပိုင်းက လှုပ်ခတ်ခဲ့သည့်  ရစ်ချ်တာစကေး (၆.၈)အဆင့်ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးများ မှုရှိခဲ့ကြောင်း သိရသည်။