တာချီလိတ်တွင် နေ့ခင်းအချိန် အုပ်စုဖွဲ့ ရိုက်နှက် ဆိုင်ကယ်လုယူမှုဖြစ်ပွား

ရိုက်နှက်၍ ဆိုင်ကယ်လုသွားသည့်အဖွဲ့
ရိုက်နှက်၍ ဆိုင်ကယ်လုသွားသည့်အဖွဲ့
တာချီလိတ်တွင် နေ့ခင်းအချိန် အုပ်စုဖွဲ့ ရိုက်နှက် ဆိုင်ကယ်လုယူမှုဖြစ်ပွား
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ (၁၃)ရက်နေ့ နေ့ခင်းအချိန် ဆိုင်ကယ်စီးလာသူတစ်ဦးကို လူ (၄)ယောက်အဖွဲ့က ဝိုင်းဝန်းထိုးကြိတ်ပြီး ဆိုင်ကယ်လုယူမှုဖြစ်ပွားကြောင်း သိရသည်။

သူ့ဆိုင်ကယ်ကိုတားပြီး ဆီနည်းနည်းလောက်ပေးပါလို့ပြောလို့ ရပ်ပြီးပြောနေတုန်း ထိုးကြိတ်ပြီး လက်ကိုင်ကနေ အတင်းဝင်လုသွားတာတဲ့။ နောက်မှာလည်း ဆိုင်ကယ်တစ်စီးပါတော့ ဘာမှမဖြစ်လောက်ဘူးထင်ပြီး ရပ်လိုက်တာလို့ပြောတယ်။ နောက်က လိုက်လာတဲ့ဆိုင်ကယ်က လုတဲ့သူတွေနဲ့ တစ်ဖွဲ့ထဲ ဖြစ်နေတာတဲ့

ဟု ဆိုင်ကယ်လုခံရသူ၏မိတ်ဆွေတစ်ဦးက Tachileik News Agency သို့ပြောသည်။

ဝေလေလန် - မယ်ယန်းကားလမ်း လွမ်းစေတီမရောက်မီ အုတ်လုပ်ငန်းအနီးတွင် ယနေ့ နေ့လယ် (၂)နာရီ (၅၄)မိနစ်တွင် ဆိုင်ကယ်နှစ်စီးဖြင့်လာသည့် အမျိုးသား (၄)ဦးအဖွဲ့က ရိုက်နှက်လုသွားခြင်းဖြစ်ကြောင်း သိရသည်။

လူ ၄ ယောက်အဖွဲ့မှာ ဗမာစကားနည်းနည်းပြောတတ်တဲ့တစ်ယောက်ပါတယ်တဲ့။ တစ်ယောက်က လည်ပင်းမှာ ဘီလူးရုပ်တက်တူးပါတာ တွေ့တယ်တဲ့။သူတို့မှာ သံတုတ်လည်း ပါလာတယ်တဲ့ ။ 

ဟု ဆိုင်ကယ်လုခံရသူ၏ မိတ်ဆွေက ပြောသည်။

လုယူခံရသည့်ဆိုင်ကယ်မှာ Honda Wave 110 နီနက်ဖြစ်ပြီး လေဘာကြိုးနှစ်ချောင်းလည်းပါသည်ဟု သိရသည်။

တာချီလိတ်မြို့တွင် ယခင်က ဆိုင်ကယ်ခိုးယူခံရမှုများ ဖြစ်ပွားလေ့ရှိပြီး ရံဖန်ရံခါမှသာ ဖမ်းဆီးရမိလေ့ရှိရာမှ စစ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ခိုးယူမှုအပြင် နေ့ခင်းအချိန်များမှာပါ အုပ်စုဖွဲ့ ရိုက်နှက်လုယူခံရမှုများ မကြာခဏဖြစ်ပွားလာခြင်း ဖြစ်သည်။