မိုးမိတ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်က မြို့တွင်းကို လေကြောင်း၊ ‌လက်နက်ကြီးနှင့် ပစ်ခတ်နေ

မိုးမိတ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်က မြို့တွင်းကို လေကြောင်း၊ ‌လက်နက်ကြီးနှင့် ပစ်ခတ်နေ
ဇန်နဝါရီ 18, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တွင် တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲခြင်း၊ လက်နက်ကြီးနှင့်ပစ်ခတ်‌ နေခြင်းတို့ကြောင့် လက်နက်ကြီးကျည်များ ရပ်ကွက်များအတွင်း ကျရောက်ကာ နေအိမ်များ ပျက်စီးပြီး အရပ်သား ထိခိုက်မှု ရှိနေကြောင်း သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကစတင်ကာ မိုးမိတ်မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းများကို KIA ပူးပေါင်း KPDF တပ်များက တိုက်ခိုက်နေရာ ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၈)ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေပြီး နမ့်ခမ်းအင်း၊ ရွှေဇာလီ၊ လက်ခုပ်တန်းရပ်ကွက်များကို လက်နက်ကြီးကျရောက် ပေါက်ကွဲခဲ့ကြောင်း သိရသည်။

"စစ်ကောင်စီကပစ်ခတ်တဲ့ လက်နက်ကြီး လက်ခုပ်တန်းရပ်ကွက် ပါရမီရှင် လူမှုကူညီရေးအသင်းနား တစ်လုံးကျတယ်၊ နမ့်ခမ်းအင်း၊ ရွှေဇာလီရပ်ကွက်တွေကိုလည်း လက်နက်ကြီးကျတယ်။ လက်ခုပ်တန်းရပ်ကွက်ဘက်တော့ နေအိမ်ပျက်စီးပြီး လူထိတယ်။ အတိအကျတော့ မသိရသေးဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က ရွှေဇာလီအထွက်နှင့် ဘုန်းကြီးကျောင်းအနီးတွင် တပ်စွဲထားပြီး ကြည်တော်စုရပ်ကွက်ကိုလည်း လေကြောင်းမှ စက်သေနတ်ဖြင့် လာရောက်ပစ်ခတ်ပြီး ဗုံး(၂)လုံး ကြဲချသွားသည်ဟု သိရသည်။ 

"လက်နက်ကြီးကော၊ လေယာဉ်နဲ့ကော မြို့ထဲကိုပစ်နေတယ်။ နေအိမ်တွေဘက်လည်း ကျတယ်။ ထိခိုက်မှုတော့ မသိရသေးဘူး။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်ရှိလိမ့်မယ် တိုက်ပွဲစဖြစ်နေတာ။ မြို့ပြင်ကစဖြစ်တာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကို ပြောသည်။

တိုက်ပွဲကြောင့် ပိတ်မိနေသည့် ဒေသခံများလည်းရှိပြီး တိမ်းရှောင်နေရသည့် ဒေသခံများလည်းရှိကာ ကနဦးသတင်းအရ မြို့ပတ်လည်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟုလည်း ဒေသခံများက ဆိုသည်။

မိုးမိတ်မြို့နယ်အတွင်း မန်ပတ်၊ မန်ဖွယ်၊ အုန်းချောကျေးရွာများ အနီးတစ်ဝိုက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) အမှတ် (၃၄)တပ်ရင်း၊ ABSDF၊ အမှတ် (၃၄) KPDF တပ်ရင်း ပူးပေါင်းတပ်ဖွဲ့နှင့် မိုးမိတ်ဗျူဟာလက်အောက်ခံ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မိုးမိတ်ခရိုင် KPDF တပ်ရင်းက ဇန်နဝါရီလ (၁၅)ရက်နေ့က သတင်းထုတ်ပြန်သည်။

တော်လှန်ရေးတပ်များသည် ဇန်နဝါရီလ (၁၁)ရက်နေ့တွင် မိုးမိတ်မြို့နယ် အုန်းချောရွာသစ် ရေအားလျှပ်စစ်ခွဲရုံအားတိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၇)ဦးသေပြီး (၅)ဦး ထွက်ပြေးသွားသည်ဟု သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency