ခါမ်းပါတ်မြို့ရဲစခန်းနှင့် ဝိတုပ်စစ်ကောင်စီတပ်စခန်းတို့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်နေ

ခါမ်းပါတ်မြို့ရဲစခန်းနှင့် ဝိတုပ်စစ်ကောင်စီတပ်စခန်းတို့ကို တော်လှန်ရေးတပ်များ တိုက်ခိုက်နေ
နိုဝင်ဘာ 3, 2023 | 2021 Military Coup| အခြားဒေသများ

စစ်ကိုင်းတိုင်း တမူးမြို့နယ် ခါမ်းပါတ်မြို့ ရဲစခန်းနှင့် ဝိတုပ်စစ်ကောင်စီတပ်စခန်းတို့ကို တော်လှန်ရေးတပ်များက ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၃)ရက်နေ့ နံနက်ပိုင်းတွင် ဝင်ရောက်တိုက်ခိုက်နေကြောင်း သိရသည်။

အဆိုပါ စစ်ကောင်စီတပ်စခန်း (၂)ခုကို ယနေ့ နံနက်(၃)နာရီခွဲဝန်းကျင်မှ စတင်၍ တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်နေခြင်းဖြစ်ပြီး တိုက်ပွဲဖြစ်ပွားနေဆဲဟု တမူးမြို့နယ် ပြည်သူ့ကာကွယ်‌ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agencyကိုပြောသည်။ 

"အခုထိတိုက်ပွဲဖြစ်နေဆဲပါ။ စခန်းသိမ်းတာကိုတော့ ကျွန်တော်တို့လည်း အတိတကျ မသိရသေးဘူး။"ဟု ၎င်းကပြောသည်။

ခါမ်းပါတ်မြို့ ရဲစခန်းနှင့် ဝိတုပ်တပ်စခန်းကို PDFနှင့် မဟာမိတ်တပ်ပေါင်းစုများက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း သတင်းထွက်နေသော်လည်း အတည်မပြုနိုင်သေးဘဲ ဆက်လက်တိုက်ခိုက်နေဆဲဟုလည်း ၎င်းဆိုသည်။

"ခါမ်းပါတ်မြို့ရဲစခန်းနှင့် ဝိတုပ်တပ်စခန်းကို သိမ်းလိုက်တယ်လို့ သိရတယ်။ ဆယ်မြောင်းစခန်းတော့ ဘာမှမကြားရသေးဘူး။ သိမ်းဆည်းရရှိတဲ့ လက်နက်အခြေအနေလည်း မသိရသေးဘူး။ ပစ်သံတွေတော့ကြားနေရဆဲပဲ။"ဟု ခမ်းပတ်မြို့ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။

အခြေအနေအသေးစိတ်ကို Tachileik News Agencyက ထပ်မံစုံစမ်းနေဆဲဖြစ်ပါသည်။

စစ်ကောင်စီ လော်ဘီတယ်လီဂရမ်ချန်နယ်များတွင်မူ ခါမ်းပါတ်မြို့မရဲစခန်း၊ ဝိတုတ်ကျေးရွာနှင့် ကလေးမြို့နယ်၊ ရာဇဂြိုလ်အကျဥ်းဦးစီးတို့အား PDF နှင့် CDFတပ်များက တစ်ပြိုင်တည်း ဝင်တိုက်နေသည်ဟု ရေးသားထားသည်။

#TachileikNewsAgency