ခန်ခတောင်ဗျူဟာနှင့် မီးဝဗျူဟာကုန်းကို AA သိမ်းပိုက်

ခန်ခတောင်ဗျူဟာနှင့် မီးဝဗျူဟာကုန်းကို AA သိမ်းပိုက်
ဇန်နဝါရီ 14, 2024 | 2021 Military Coup| အခြားဒေသများ

ချင်းပြည်နယ် ပလက်ဝနှင့် ပလက်ဝ-‌ကျောက်တော်အစပ်ရှိ စစ်ကောင်စီတပ်၏ ဗျူဟာစခန်းကုန်း(၂)ခုကို ရက္ခိုင့်တပ်တော် (AA) က တိုက်ခိုက်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ညီနောင်မဟာမိတ် (၃)ဖွဲ့က ၂၀၂၄ ခုနှစ် ဇန်နဝါရီလ (၁၄)ရက်နေ့ နံနက်ပိုင်းတွင် သတင်းထုတ် ပြန်သည်။

ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီ၏ ခန်ခတောင်ဗျူဟာစခန်းကို ရက္ခိုင့်တပ်‌တော် (AA)က အပြီးသတ်ထသိမ်းပိုက်နိုင်ခဲ့ပြီး စစ်လက်နက် ပစ္စည်းများအပါအဝင် လက်နက်ခဲယမ်းများကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ (၁၃)ရက်နေ့၊ ညနေ (၆)နာရီဝန်းကျင်ကလည်း ပလက်ဝ-ကျောက်တော်အစပ်တွင်ရှိသည့် မီးဝဗျူဟာကုန်း တစ်ခုလုံးအား ရက္ခိုင့်တပ်တော် (AA)မှ အပြီးသတ် သိမ်းပိုက်ထိန်းချုပ်ရယူထားနိုင်ခဲ့ပြီဖြစ်သည်ဟု ဆိုသည်။

၎င်းဗျူဟာကုန်းသိမ်းနိုင်မှုနှင့်ဆက်စပ်သည့် နောက်ဆက်တွဲသတင်းများအား ဆက်လက်‌ဖော်ပြပေးသွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

ရက္ခိုင့်တပ်တော်(AA)သည် ပလက်ဝဒေသတစ်ခုလုံးကို စစ်ကောင်စီကင်းစင်သည့် နယ်မြေဖြစ်လာရန်အတွက် ကြိုးပမ်းနေပြီး

လက်ရှိတွင် ပလက်ဝအနောက်ခြမ်းတစ်ခုလုံးကို သိမ်းထားပြီးဖြစ်သည်ဟုသိရသည်။

ပလက်ဝမြို့နယ်ရှိ တရွန်အိုင်ဗျူဟာ၊ နှုံဘူးဗျူဟာ၊ ခမောင်းဝစခန်းကုန်း၊ ခဝဲဗျူဟာကုန်း၊ ပွိုင့်(၃၅၁)၊ ပွိုင့်(၃၉၁)၊ ပွိုင့်(၃၇၇)စသည့် စစ်ကောင်စီတပ်စခန်းများကို သိမ်းယူထားပြီးဖြစ်သည်။

ယမန်နေ့က စစ်ကောင်စီသည် ရခိုင်ပြည်နယ် မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ စစ်တွေမြို့တို့ကို လက်နက်ကြီးအပါအဝင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် ကျောက်တော်ရှိ ကန်စောက်ရွာမှာ ရွာလုံးကျွတ် မီးလောင်ပျက်စီးပြီး မြောက်ဦးမြို့အနီးရှိ ရပါကွက်ကျေးရွာမှ နေအိမ်(၁၀)လုံး၊ မင်းပြားမြို့ အောက်ပိုင်းရွာမှ နေအိမ်(၁၁)လုံး ပျက်စီးကာ အရပ်သားထိခိုက်မှုလည်းရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency