ပေါက်တောမြို့တွင်းတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်က ဓားစာခံပြုလုပ်ထားသည့် အရပ်သား ၁၀၀ နီးပါးကို AA ကယ်ထုတ်

ပေါက်တောမြို့တွင်းတိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်က ဓားစာခံပြုလုပ်ထားသည့် အရပ်သား ၁၀၀ နီးပါးကို AA ကယ်ထုတ်
နိုဝင်ဘာ 21, 2023 | 2021 Military Coup| အခြားဒေသများ

ရခိုင်ပြည်နယ်၊ ပေါက်တောမြို့အတွင်း နေရာအချိုနှင့် လောကထိပ်ပန်ဘုရားကုန်းတို့၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် (AA) တို့ ယနေ့ ၂၀၂၃ခုနှစ် နိုဝင်ဘာလ (၂၁)ရက်နေ့တွင် မြို့တွင်း တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု AAက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီသည် ပေါက်တောမြို့မှ ရဟန်းသံဃာများအပါအဝင် ဒေသခံ(၁၀၀)နီးပါးကို ဓါးစာခံနှင့် လူသားဒိုင်းကာအဖြစ်အသုံးပြုရန် နိုဝင်ဘာလ (၁၆)ရက်နေ့ကစတင်၍ ပြန်ပေးဆွဲထားခဲ့ပြီး AAတပ်ဖွဲ့ဝင်များက ကယ်ထုတ်နိုင်ရန်ကြိုးစားရာက တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် ရဟန်းသံဃာ၊ သက်ကြီးရွယ်အို၊ ကလေးသူငယ်နှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးအချို့ ပါဝင်သည့် အရပ်သား (၁၀၀)နီးပါးကို ဓားစာခံအဖြစ် ဖမ်းဆီးထားခြင်းဖြစ်သည်။

ယင်းသို့ ကယ်ထုတ်ရာ ပေါက်တောမြို့အတွင်း တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲဝင်များ အထိနာသေဆုံးမှုများခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်းမှ စစ်ကောင်စီတပ်၏ လက်နက်ခဲယမ်းတချို့အား AAတပ်ဖွဲ့ဝင်များက သိမ်းဆည်းရရှိခဲ့ပြီး တပ်ဖွဲ့ဝက်တချို့လည်း ကျဆုံးခဲ့ရသည်ဟု သိရသည်။

အထိနာသည့် စစ်ကောင်စီတပ်သည် လေကြောင်း၊ ရေကြောင်း၊ လက်နက်ကြီးများနှင့် အတွဲလိုက်ဒုံးများဖြင့် တိုက်ပွဲဖြစ်ပွားရာ နေရာများနှင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိသောနေရာများကိုပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

ပေါက်တောမြို့အတွင်း ကျန်ရှိနေသေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဆက်လက်ချေမှုန်းလျက်ရှိပြီး ကျန်ရှိနေသေးသော ဓါးစာခံများ အန္တရာယ်ကင်းစွာ လွတ်မြောက်နိုင်ရေးအတွက် ဆက်လက်ကြိုးပမ်းနေသည်ဟု သတင်းထုတ်ပြန်ထားသည်။

#TachileikNewsAgency