မိုးမိတ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်က မြို့တွင်းကို လေကြောင်းမှ ဗုံးကြဲ

မိုးမိတ်တွင် တိုက်ပွဲပြင်းထန်ပြီး စစ်ကောင်စီတပ်က မြို့တွင်းကို လေကြောင်းမှ ဗုံးကြဲ
ဇန်နဝါရီ 18, 2024 | 2021 Military Coup| ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး စစ်ကောင်စီတပ်က လေကြောင်းပစ်ခတ်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှုများကြောင်း ဒေသခံများထံမှ သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကစတင်ကာ မိုးမိတ်မြို့အတွင်းရှိ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းများကို KIAပူးပေါင်း KPDF တပ်များက တိုက်ခိုက်နေရာ ယနေ့ ၂၀၂၄ခုနှစ် ဇန်နဝါရီလ (၁၈)ရက်နေ့အထိ တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။

"လက်နက်ကြီးကော၊ လေယာဉ်နဲ့ကော မြို့ထဲကိုပစ်နေတယ်။ နေအိမ်တွေဘက်လည်း ကျတယ်။ ထိခိုက်မှုတော့မသိရသေးဘူး။ ပြီးခဲ့တဲ့ တစ်ပတ်ကျော်လောက်ရှိလိမ့်မယ် တိုက်ပွဲစဖြစ်နေတာ။ မြို့ပြင်ကစဖြစ်တာ။"ဟု ဒေသခံတစ်ဦးက Tachileik News Agencyကိုပြောသည်။

တိုက်ပွဲကြောင့် ပိတ်မိနေသည့် ဒေသခံများလည်းရှိပြီး တိမ်းရှောင်နေရသည့် ဒေသခံများလည်းရှိကာ ကနဦးသတင်းအရ မြို့ပတ်လည်တွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟုလည်း ဒေသခံများက ဆိုသည်။

အသေးစိတ်အချက်အလက်ကို Tachileik News Agencyက ဆက်လက်စုံစမ်းနေဆဲဖြစ်ပါသည်။

မိုးမိတ်မြို့နယ်အတွင်း မန်ပတ်၊ မန်ဖွယ်၊ အုန်းချောကျေးရွာများ အနီးတစ်ဝိုက်တွင် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) အမှတ် (၃၄)တပ်ရင်း၊ ABSDF၊ အမှတ် (၃၄) KPDF တပ်ရင်း ပူးပေါင်းတပ်ဖွဲ့နှင့် မိုးမိတ်ဗျူဟာလက်အောက်ခံ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း မိုးမိတ်ခရိုင် KPDF တပ်ရင်းက ဇန်နဝါရီလ (၁၅)ရက်နေ့က သတင်းထုတ်ပြန်သည်။

တော်လှန်ရေးတပ်များသည် ဇန်နဝါရီလ (၁၁)ရက်နေ့တွင် မိုးမိတ်မြို့နယ် အုန်းချောရွာသစ် ရေအားလျှပ်စစ်ခွဲရုံးအား တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်သား (၇)ဦး သေပြီး (၅)ဦး ထွက်ပြေးသွားသည်ဟု သိရသည်။

#TachileikNewsAgency